လှုပ်ရှားလာတော့မည့် ပုံရိပ်များ


“ဒီကောင်တွေကို ပစ်ထား၊ ငြိမ်သွားအောင် အကုန်သတ်၊ ငြိမ်သွားရင် နိုင်ငံတကာက သူ့အလိုလို ငါတို့နဲ့ ဆက်ဆံ လာလိမ့်မယ်” ဟူသော အတွေးများဖြင့် နိုင်ငံတွင်း ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်တက်လာနေချိန်တွင် ယဉ်ကျေး သော ကမ္ဘာ လူအဖွဲ့အစည်းဝင်များ အားလုံး တုန်လှုပ်ချောက်ချား သွားမတတ် ရာဇဝတ်မှုကြီးများကို ကျူးလွန် လာခဲ့ကြသည်။

ထို့အတွက် စစ်အာဏာသိမ်း အဖွဲ့သည် တနိုင်ငံလုံးတွင် မမြင်ရသော ရန်သူများ ပတ်လည် ဝိုင်းခံလာနေရပြီ ဖြစ် သည်။ ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် အရူး မီးဝိုင်းသလို ဖြစ်လာကာ ထိုအနေအထားမှ လွတ် လိုလွတ်ငြား တရကြမ်း အဖမ်းအဆီးများ ပြုလုပ်လာကြသည်။ ယခုလည်း ထိုအတိုင်းပင် PDF များ မရှိလျှင် တိုင်းပြည် ငြိမ်သက်သွားမည်ဟု မှားယွင်းစွာ ယူဆနေပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ရရှိထားသော အပစ်အခတ် ရပ်စဲရေး သည်လည်း စက္ကူစုတ် သာသာ အဆင့်သာ ရှိပေတော့သည်။ ထိုထက် ပို၍ ပြင်းထန်သည့် ပြည်သူတရပ်လုံး၏ ခုခံ တွန်းလှန်စစ်အား စစ်မျက်နှာ ပေါင်းစုံ ဖွင့်ကာ ရင်ဆိုင်နေရလေသည်။

သတင်းသမား တဦး၏ ခုနှစ် နှစ် အရွယ် သမီးကို ဖမ်းဆီးကာ စစ်ကြောရေး စခန်းသို့ ခေါ်ဆောင်သွားပြီး အမေ ဖြစ်သူ သေနတ်များ ဝယ်လားဟု မေးမြန်းကြရသည့် အထိ ကြံရာမရ ဖြစ်လာနေကြသည်။ နဂိုကတည်းက အသိဉာဏ် ရင့်ကျက် ပြည့်ဝသူများ၊ ကိုယ်ကျင့်သိက္ခာကို လေးစား တန်ဖိုးထားသူများ ဖြစ်လာအောင် လေ့ကျင့် ပေးထားခြင်း မခံရသူများ ပီပီ ကြမ်းချင်းတိုင်း ကြမ်း ရမ်းချင်းတိုင်း ရမ်းနေ၍ ဓါးပြသာသာ အဖွဲ့ အစည်း အဖြစ် အားလုံးက ရှုမြင်လာကြလေပြီ။ ၎င်းတို့ အရူးမီးဝိုင်း နှင့် လုပ်ချင်တိုင်း လုပ်နေကြသည့် အရေးကို ပြည်သူ တရပ်လုံးက စိတ်လက်မချမ်းသာစွာဖြင့် နေ့စဉ်လို မြင်တွေ့နေကြရသည်။ မိဘ များ၊ ဇနီးသားမယားများကပင် အဖမ်းဆီး ခံရမည့် အရေး၊ အိမ်ချိတ်ပိတ်ခံရမည့် အရေး တို့ကြောင့် သားအဖြစ်၊ ခင်ပွန်း အဖြစ်မှ စွန့်လွှတ်လာကြရသည်မှာလည်း နေ့စဉ်လို မြင်မကောင်း ဖြစ်နေကြရပြီး ၎င်းတို့ ကြောင့် သားတကွဲ မယားတကွဲ ဘဝ အရှင်လတ်လတ် ရောက်ကုန်ကြရတော့သည်။

စစ်ခေါင်းဆောင်များ အဖို့ကလည်း လူထု စည်းရုံးရေး အသွင်ဆောင်ပြီး ၎င်းတို့ တပ်သားများကို အရေးယူ ပြခဲ့ခြင်းမျိုး ကို ဟန်ဆောင် ပန်ဆောင်ပင် မလုပ်ရဲ၊ ၎င်းတို့ထံ သေနတ်ပြောင်း လှည့်မလာရေး အတွက် တကယ် ထင်သွားဦးမည် ဆိုကာ တင်းခံ‌နေရသည်။ ထို့အတွက် ယခင်က ယောကျ်ားကောင်းများကို မွေးထုတ်ပေးခဲ့သည် ဆိုသော မြန်မာတပ်မ တော်သည် လူဆိုးသူခိုးများ ခိုလှုံချင်စရာ ကောင်းသည့် နေရာဌာနကြီး အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

အာဏာသိမ်း ခေါင်းဆောင်များက လူမိုက်များ အားကိုးဖြင့် စိတ်ရှိလက်ရှိ ကြမ်းရမ်းခွင့် ပြုထားစေကာမူ တော်လှန်ရေးကြီး၏ အရှိန်မှာ လျော့သွားသည် ဟူ၍ မရှိ။ ကြာလာသည်နှင့် အမျှ ၎င်းတို့ အသေအလဲ ကြောက်ရွံ့ နေသော စစ်တပ် ပြိုကွဲထွက်လာမည့် အန္တရာယ်က နီးကပ်သည်ထက် နီးကပ်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် ကျေးရွာများကို မီးရှို့၊ တူမီးသေနတ်သာ ကိုင်ဆောင် တိုက်ပွဲဝင်နေသူများအား ရဟတ်ယာဉ်များ သုံး၍ တိုက်ခိုက် သည့် နည်းလမ်းများကို အသုံးပြုလာနေကြရသည်။

တဖက်တွင်လည်း PDF များက စစ်‌ရေး အတွေ့အကြုံများ ကြွယ်ဝသည်ထက် ကြွယ်ဝလာနေပြီး ရန်သူ့ ထိန်းချုပ် နယ်မြေထဲသို့ ကျစ်လစ်သိပ်သည်းစွာ ထိုးဖောက်လှုပ်ရှားလာနိုင်တော့မည် ဖြစ်သည်။ NUG မှ ထောက်လှန်းရေး အတွေ့အကြုံ ရှိသည့် ပြည်ပ မှ အငြိမ်းစားများကို ငှားရမ်း လေ့ကျင့်ပေးလာမည်ဟုလည်း ယုံကြည်ရပေသည်။ လက်ရှိတွင် NUG သည် လိုအပ်နေသော လက်နက်များအား လက်ရှိ ပေါက်ဈေးထက် ခြောက်ပုံတပုံသာ ကုန်ကျ မည့် ကိုယ်ပိုင် ထုတ်လုပ်နိုင်‌ရေး အစီအစဥ်တွင် ပြည်သူ့စစ်သား ထုတ်လုပ်ရေး အဖွဲ့က တာဝန်ယူ လုပ်ဆောင် မည့်အပေါ် ပံ့ပိုး သွား မည် ဖြစ်ကြောင်း ဂျပန်ထုတ် The Diplomat အွန်လိုင်း ဂျာနယ်တွင် ရေးသားထားသည်။ ပြည်သူ့စစ်သား အဖွဲ့သို ခိုလှုံလာသည့် စစ် စက်မှု တက္ကသိုလ် ကျောင်းဆင်းများက ဦးဆောင်မည်ဟု သိရသည်။

အဆိုပါ ဂျာနယ်က ဆက်လက်ရေးသားရာတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြည်သူ့လွတ်မြောက်ရေး တပ် တော်သည် ပြန်လည် သက်ဝင်လှုပ်ရှားလာပြီး ယခုအခါ ကေအိုင်အေ အကူအညီနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်ဟု ဆိုသည်။

NUG သည် တော်လှန်ရေး ငွေတိုက် စာချုပ်များကို အဆင့်လိုက် ရောင်းချသွားမည် ဖြစ်ပြီး ပထမဆင့်အတွက် ပြည်ပနေ မြန်မာနိုင်ငံသားများထံမှ ဒေါ်လာ သန်း ၂၀၀ အထိရရှိရန် ရည်မှန်းထားသည်။ စုစုပေါင်း ဒေါ်လာ တစ် ဘီလီယံ အထိ ရရှိရန် ခန့်မှန်းထားသည်ဟု နိုင်ငံတကာ ဘဏ္ဍာရေး စာစောင် Bloomberg တွင် ဖေါ်ပြထား သည်။ စင်္ကာပူ DBS ဘဏ်တိုက်ကြီးမှ ၎င်းတို့ အွန်လိုင်း ဘဏ်စနစ် နှစ်ရက်ဆက်တိုက် တိတိ ရပ်ဆိုင်းသွား ခြင်းသည်ပင် NUG ဘွန်း နှင့် မပတ်သက်၊ မိမိတို့မှ တာဝန်ယူ ရောင်းချပေးခြင်း မဟုတ်ဟု ငြင်းဆိုခဲ့ရသည့် အထိ ဖြစ်သွားသည်။ ၎င်းတို့ ငြင်းချက် ထုတ်သည်မှာလည်း မမှားဟု ဆိုရမည် ဖြစ်သည်။ လူများက ဘွန်းကို DBS မှ ဝယ်ယူခြင်း မဟုတ်ဘဲ ဝယ်ယူနိုင်ရန် ယင်း ဘဏ်မှတဆင့် ငွေလွှဲကြခြင်းဖြစ်သည်။

ကမ္ဘာ ခေါင်းဆောင်များက ၎င်းတို့နှင့် အတူ တွဲ၍ အမြင်ခံရမည့် အရေးကို ရှောင်ရှားလာကြသည်။ ထိုသို့ အမြင်ခံရပါက ရာထူး မှ နှုတ်ထွက်ပေးရမတတ် ကြောက်ရွံ့လာကုန်ကြသည်။ ယခု ကမ္ဘောဒီယားမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ASEM (Asia-Europe Meeting) ထိပ်သီး အစည်းအဝေး သို့လည်း တက်ရောက်ခွင့် မရရှိခဲ့ပြန်ပေ။ မည်သူကမျှ အနားကပ် မခံချင်ကြတော့၊ ကမ္ဘောဒီယားလို နိုင်ငံမျိုးပင် အာရှ မှ ၂၁ နိုင်ငံ၊ ဥရောပ မှ နိုင်ငံ သုံးဆယ် (စုစုပေါင်း ကမ္ဘာလူဦးရေ ၏ ၆၀% ကို ကိုယ်စားပြုမည့်) အစည်းအဝေးကြီးကို ဦးဆောင် ကျင်းပခွင့်ရရှိပြီး ကမ္ဘာစင်မြင့် ၌ လူလူသူသူ နေရာယူလာနေသည့် အချိန်တွင် မြန်မာသည် ခေါင်းဆောင် မကောင်းသဖြင့် မျက်နှာမွဲ ဘဝဖြင့် အနှိမ်ခံနေရပြီ ဖြစ်သည်။ 

မင်းအောင်လှိုင် အား အထင်တကြီး နှင့် မြှောက်ပင့် ညာဝါး စားသောက်ရန် သွားရောက် ပူးပေါင်းခဲ့ကြသူများ ကိုလည်း ပြည်သူများက ဂဠုန် ဦးစော နှင့် တန်းတူထား ဆက်ဆံခြင်းကို ခံလာကြရပြီ ဖြစ်သည်။ ယခုအခါ ရုန်းမထွက်နိုင်တော့၍ မင်းအောင်လှိုင် ဇာတ်စင်တွင် ကပြ အသုံးတော်ခံနေရသည့် ရုပ်သေးရုပ်များ ပမာ လက်လှုပ်ခြေလှုပ် ကပြ အသုံးတော်ခံ ဖြစ်လာကုန်ကြသည်။ 

မြန်မာ နိုင်ငံသားများပင် ကိုယ့်တိုင်းပြည် အလည်ပြန်ရမည့် အရေး စိုးရွံ့နေကြချိန်တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကြီးကို နောက်နှစ် အစတွင် ခမ်းခမ်းနားနား ပြန်လည် ဖွင့်လှစ်တော့မည်ဟု ကိုယ့်ဦးနှောက် ကိုယ် အားမနာ ပါးမနာ ပြောလာကြပြန်သည်။

ပြည်ပ မှ ရင်းနှီးမြှုပ်နှံကောင်း မြှုပ်နှံချင်မည့် ကုမ္ပဏီများ အား ဟန့်တားသည့် လုပ်ရပ်အနေဖြင့် ၎င်းတို့နှင့် ဖက်စပ် လုပ်ကိုင်နေသည့် ဂျပန် ၏ ကီရင် ဘရူးဝါရီ ကုမ္ပဏီကြီး နှင့် လုပ်ငန်းများ ဖျက်သိမ်းမည့် စာချွန်လွှာကို ရန်ကုန် ရှိ တရားရုံးတခုသို့ စစ်ကောင်စီ၏ ဦးပိုင် မှ တင်သွင်းလိုက်ခြင်း ဖြစ်သည်။ ကီရင်သည် ဥပဒေ နှင့် အညီ တရားမျှတစွာ ဖြင့် ပိုင်ဆိုင်မှု များ ခွဲဝေယူနိုင်မည့် နည်းလမ်းဖြင့် စေ့စပ် ဆွေးနွေးနေသည့် ကြားမှပင် စစ် ကောင်စီက ၎င်းတို့ ခါးပိုက်ဆောင် တရားရုံးများ ကို အသုံးချ၍ အနိုင်ကျင့်လိုက်ခြင်း ဖြစ်သည်။ ထိုသို့သော စံနမူနာပြ လုပ်ရပ်များဖြင့် နိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံခြင်း မလုပ်ရဲအောင် တမင်တကာများ လုပ်နေ သလောဟု ယူဆစရာ ဖြစ်လာရသည်။ ထိုသို့ မယူဆပါက ရူးသွပ်စွာ တွေးခေါ်နေသူများဟုသာ အထင်ရောက် ရဖို့ ရှိနေပေသည်။

ခေါင်းဆောင်မှ အစ ကိုယ့်ဦးနှောက် ကိုယ် အားမနာ ပြောချင်ရာ ပြော၊ လုပ်ချင်ရာ လုပ်နေကြသူများက အားလုံးနီးပါး ဖြစ်နေကြသည်ကိုလည်း ပြည်သူများအနေနှင့် အံ့အားတသင့် မြင်တွေ့လာနေကြရလေသည်။

ထိုသို့သော လူများက မိမိတို့ တိုင်းပြည် နှင့် အနာဂတ်ကို စီမံခန့်ခွဲလာမည့် အရေး မည်သူ မတုန်လှုပ်ဘဲ ရှိအံ့ ပေမည်နည်း။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

လှုပ်ရှားလာတော့မည့် ပုံရိပ်များ လှုပ်ရှားလာတော့မည့် ပုံရိပ်များ Reviewed by THITHTOOLWIN on 06:27 Rating: 5

No comments:

Powered by Blogger.