ကလေးမြို့ ရေရှင်ရွာအရှေ့ဘက်ခြမ်းနဲ့အနီးနား ကျေးရွာအချို့ မှာ နေအိမ်နဲ့လယ်တဲတွေမီးရှို့ခံရ


လေကြောင်းနဲ့ပစ်ခတ်ခံခဲ့ရတဲ့ ညောင်လှရွာဘက်မှာလည်း နေအိမ်နဲ့ဆိုင်ကယ်တွေမီးရှို့ခံရ

ပစ်ခတ်မှုတွေ၊မိုင်းခွဲတိုက်ခိုက်မှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတဲ့နေရာတွေအထိ စစ်ကောင်စီတပ်တွေ က လိုက်လံစီးနင်းကာ လယ်တဲတွေကို မီးရှို့တာ၊ နေအိမ်တွေကိုမီးရှို့တာမျိုးတွေပါ ဆက်လုပ်နေတယ်လို့ မီးရှို့ခံရတဲ့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

နိုဝင်ဘာ၂၉ ရက် က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရေရှင်ရွာအရှေ့ဘက်ခြမ်းက နေအိမ် ၁၂လုံးအထိမီးရှို့ခံခဲ့ရပြီး ဒီကနေ့ နိုဝင်ဘာ၃၀ရက် မနက်ပိုင်းမှာလည်း ရှေရှင်အပါအဝင် ကျေးရွာ ၈ ရွာက စစ်ဘေးရှောင်ထွက်ပြေးနေထိုင်နေသူတွေရဲ့ လယ်တဲ ၅ လုံးကို မီးရှို့ခဲ့တယ်လို့ ထွက်ပြေးနေရသူ ရှေရှင်ဒေသခံကပြောပါတယ်။

နွားရွာ၊ ရှားတော၊ ကုက္ကို၊ လယ်ချား၊ ရေရှင်၊ အိမ်ကျွမ်း၊ ကျောက်ဆယ်၊ ကြံသာ စတဲ့ရွာ ၈ရွာကဒေသခံတွေက ပစ်ခတ်မှုတွေဖြစ်နေတဲ့ ပြီးခဲ့တဲ့လပိုင်းတွေကထဲက ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး သူတို့တိမ်းရှောင် နေတဲ့ နေရာတွေအထိ စစ်တပ်ဘက်က လိုက်လံစီးနင်းနေတာလို့ ဒေသခံတွေက ပြောပြကြပါတယ်။


အခုရက်အတွင်းမှာ စစ်တပ်ဘက်ကလည်း လူအင်အား၊ လက်နက်အင်အားအပြည့်အစုံ၊ လေကြောင်းပစ်ခတ်မှုတွေနဲ့ပါ တိုက်ခိုက်တာတွေလုပ်နေတာပါ။ ပြီးခဲ့တဲ့သုံးရက်ကပဲ စစ်ကိုင်းတိုင်းဒီပဲယင်းအရှေ့ခြမ်း ညောင်လှရွာဘက်မှာ လေကြောင်းကပစ်ခတ်လို့ သေဆုံးသူရှိခဲ့သလို၊ ထွက်ပြေးကြရသူလည်း အများအပြားရှိခဲ့ပါတယ်။

အဲဒီနောက်တော့ ညောင်လှအပါအဝင်နီးစပ်ရာ ရွာတွေမှာ တပ်စွဲပြီး ဒေသခံတွေရဲ့ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကို မီးရှို့တာတွေ ပြုလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ဒီနေ့မနက်အစောပိုင်းမှာ ညောင်လှရွာထဲမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်က ဆိုင်ကယ်တွေကိုထပ်မံမီးရှို့ခဲ့ပြီးအခြားနေရာကိုရွှေ့ပြောင်း သွားသေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ညောင်လှရွာကနေ ထွက်သွားပေမယ့် ညောင်လှဒေသခံတွေကတော့ ရွာအတွင်းပြန်နေတာမျိုးမရှိသေးပါဘူး။ ဒါပေမယ့်စစ်ကြောင်းနဲ့ဝေးတယ်လို့ယူဆတဲ့ ညောင်လှဘေး ပတ်လည်ရွာက ဒေသခံအချို့ကတော့သူတို့ နေအိမ်တွေကို ဒီကနေ့ပဲ ပြန်နေကြတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် ဒီပဲယင်းအနောက်ဘက်ခြမ်းက ဆည်တော်ရွာကဒေသခံ အယောက် ၄၀ကို မနေ့ကပဲ ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးပြီး ဒီကနေ့တော့ပြန်လွှတ်ပေးပေမယ့် တစ်ဦးကတော့အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရိုက်နှက်ခံထားရ တယ်လို့ ဆည်တော်ဒေသခံတွေထံကသိရပါတယ်။ ဒေသခံတွေကို ဖမ်းဆီးခဲ့တဲ့စစ်ကောင်စီစစ်ကြောင်း ကတော့ ပလ္လင်ခံနဲ့ ဆည်တော်ကြားချောင်းကိုကူးကာ ဆည်တော်ရွာရဲ့တောထဲတွေကို တောနင်းရှာဖွေတာ တွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း က အခုရက်ပိုင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။

BBC Burmese

ကလေးမြို့ ရေရှင်ရွာအရှေ့ဘက်ခြမ်းနဲ့အနီးနား ကျေးရွာအချို့ မှာ နေအိမ်နဲ့လယ်တဲတွေမီးရှို့ခံရ ကလေးမြို့ ရေရှင်ရွာအရှေ့ဘက်ခြမ်းနဲ့အနီးနား ကျေးရွာအချို့ မှာ နေအိမ်နဲ့လယ်တဲတွေမီးရှို့ခံရ Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.