ဒီပဲယင်းမြို့နယ် ညောင်လှရွာကို အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ဓာတ်ပုံ- စစ်ကောင်စီက မီးရှို့သည့် ညောင်လှကျေးရွာ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ 

ဒီပဲယင်းမြို့နယ် ညောင်လှ ကျေးရွာ ရှိ နေအိမ်များကို  အကြမ်းဖက်စစ်ကောင်စီက မီးရှို့ ဖျက်ဆီးမှု ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

"အကြမ်းဖက်စစ်တပ်ကြောင့် ထွက်ပြေးနေတာ ၂၇ ရက်ကတည်းက။ ရွာက လူတွေ အကုန်လုံးနီးပါး ထွက်ပြေးနေတာ။ အဲဒါကို ဒီနေ့ နေအိမ်တွေကို မီးရှို့နေတာ။ အိမ်ဘယ်နှစ်လုံး ပါသွားပြီလဲ မသိသေးဘူး"ဟု ညောင်လှကျေးရွာနေသူတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် ၏ အရှေ့ခြမ်း နှင့် အနောက်ခြမ်း ကို အကြမ်းဖက်စစ်ကောင်စီက နှစ်ဖက်ညှပ်၍ ထိုးစစ်ဆင်မှုများ ပြုလုပ်ရာတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များပါ အသုံးပြုခဲ့သည်။

ထို့ကြောင့် ရွာခံ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ထုတ်ပြန်ထားသော်လည်း Lu Nge Khit အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

နိုဝင်ဘာ ၂၇ ရက်မှ စ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူ သုံးထောင်ခန့်မှာ စစ်ဘေးတိမ်ရှောင်နေရဆဲဖြစ်ကြောင်းလည်း ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ညောင်လှ အပါအဝင် ဝဲကြီး၊ သရက်တော၊ ကုန်​ကြီး၊ ယဥ်ကျေးကုန်း၊ ဆည်ကြီးရွာ နဲ့ ဆပ်ပြာကျင်း စုစုပေါင်း ၁၀ ရွာ လောက်က ပြည်သူတွေ က အခုထိ တောထဲမှာ တိမ်းရှောင်နေရတုန်း။ အစားအသောက်နဲ့ ကျန်းမာရေး အခက်အခဲ ကလည်း တော်တော်လိုနေတယ်"ဟု ၎င်းက ပြောသည်။

ထို့အပြင် (နိုဝင်ဘာလ ၂၉ ရက်နေ့) မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆပ်ပြာကျင်း ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများ၏ တောနေတဲများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါတဲအိမ်များရှိ စက်ဘီး၊ ဆိုင်ကယ်၊ လယ်ထွန်စက်များအပြင် ဆန်များနှင့် မြေပဲများအပါအဝင် စားနပ်ရိက္ခာများကို သွန်မှောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း၊ တဲတစ်တဲတွင် ထားရှိထားသည့် ငွေသိန်း ၅၀ကျော်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများကိုလည်း ရှာဖွေယူဆောင်သွားကြောင်း  သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီသည်  လေကြောင်းပစ်ကူများနှင့်  သာလွန်အင်အား (၄၀၀) ခန့်ကိုသုံး၍  ထိုးစစ်ဆင်လျက်ရှိပြီး  ယခုအချိန်အထိလည်း ကျေးရွာအချို့တွင် တပ်ဆွဲထားခြင်းနှင့် ပြည်သူအချို့အား ဖမ်းဆီးထားခြင်းများလည်း ရှိကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


Lu Nge Khit

ဒီပဲယင်းမြို့နယ် ညောင်လှရွာကို အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီး ဒီပဲယင်းမြို့နယ် ညောင်လှရွာကို အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.