မြန်မာဘီယာကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စစ်တပ်က ချယ်လှယ်ရန် ကြိုးစားနေသည့်အပေါ် ဂျပန်ကုမ္ပဏီကန့်ကွက်

ဓာတ်ပုံ - Myanmar Brewery  စက်ရုံအားတွေ့ရစဉ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

အကြမ်းဖက်စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်သည့် Myanmar Brewery ကုမ္ပဏီကိုဖျက်သိမ်းရန် တရားရုံးဦးတိုက်လျှောက်ထားသည့်အပေါ် ကန့်ကွက်သည်ဟု  ဂျပန် Kirin ကုမ္ပဏီက ယနေ့ထုတ်ပြန်လိုက်သည်။ 

အဆိုပါလျှောက်ထားမှုကို အတည်ပြုခဲ့ပါက ဦးပိုင်က ဖက်စပ်ကုမ္ပဏီဖျက်သိမ်းရေးကို ထိန်းချုပ်သွားနိုင်ပြီး ဦးဆောင်ဖျက်သိမ်းသည့်အတွက် ပိုင်ဆိုင်မှုများကို ၎င်းတို့စိတ်ကြိုက် ချယ်လှယ်ခွင့်ရနိုင်သည်ဟု ဆိုသည်။

ထို့ပြင် ဦးပိုင်က ကုမ္ပဏီဖျက်သိမ်းရေးအတွက် Kirin ၏ အဆိုပြုချက်များကို ပယ်ချခဲ့ပြီး မသိကျိုးကျွန်ပြုခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

“ကျွန်ုပ်တို့က ဒီတရားရုံးလျှောက်ထားမူကို ဖယ်ဖျက်ပေးဖို့တောင်းဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကုမ္ပဏီဖျက်သိမ်းရေးလုပ်ရပ်က မျှတမူမရှိသလို၊ သင့်လျှော်မှုလည်းမရှိပါဘူး၊ ဖက်စပ်လုပ်ကိုင်ရန်သဘောတူထားတွေကော၊ မြန်မာနိုင်ငံက ဥပဒေအကြောင်းအရာတွေနဲ့ကော သွေဖီနေပါတယ်”ဟုKiran က ဆိုသည်။

ဦးပိုင်က ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ(၁၀)ရက်တွင် ကြားနာစစ်ဆေးမည်ဟု သိရသည်။

Myanmar Brewery ကုမ္ပဏီ၏ ရှယ်ယာ(၅၁)ရာခိုင်နှုန်းကို ဂျပန် Kirin ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း (၅၆၀) ကျော်ဖြင့် ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 

၎င်းကုမ္ပဏီက မြန်မာဘီယာ၊ Myanmar Premium ဘီယာများအပြင် KIRIN ICHIBAN ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ နှင့် Black Shield Stout ဘီယာ တို့ကို ထုတ်လုပ်နေခြင်းဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် အမေရိကန်အပါအဝင်အနောက်နိုင်ငံများက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း(၂)ခုကို ပိတ်ဆို့ အရေးယူခဲ့သည်။ 

ထိုကြောင့် ဂျပန်ကုမ္ပဏီက စစ်တပ်ပိုင်ကုမ္ပဏီနှင့် လက်တွဲဖြုတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး လူထုကလည်း သပိတ်မှောက်နေသည့်အတွက် ထုတ်ကုန်များ ဆက်တိုက် ရောင်းအားကျဆင်းနေသည်။


Lu Nge Khit

မြန်မာဘီယာကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စစ်တပ်က ချယ်လှယ်ရန် ကြိုးစားနေသည့်အပေါ် ဂျပန်ကုမ္ပဏီကန့်ကွက် မြန်မာဘီယာကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စစ်တပ်က ချယ်လှယ်ရန် ကြိုးစားနေသည့်အပေါ် ဂျပန်ကုမ္ပဏီကန့်ကွက် Reviewed by THITHTOOLWIN on 01:18 Rating: 5

No comments:

Powered by Blogger.