မိတ္ထီလာ ဗကသဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုခွင့်မရ

မိတ္ထီလာ ဗကသဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုခွင့်မရ ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင် ကို တွေ့ရစဉ် / ဓာတ်ပုံ - မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ


ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ဟာ ခြေထောက် တစ်ဖက် ကျိုးနေပြီး စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုသခွင့်မရဘူးလို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မသဲစုနိုင်နဲ့ ဖခင်ဖြစ်သူ ဦးမြင့်သိန်း တို့ကို မိထ္ထီလာမြို့က တပ်မ ၉၉ မှာ ဖမ်းဆီးခံထားရပြီး တစ်ပတ်ကျော် ကြာတဲ့အထိ မသဲစုနိုင်ဟာ ထိရောက်တဲ့ ဆေးကုသခွင့် မရဘူးလို့ ဆိုပါတယ်။

"လာဖမ်းတုန်းကတော့ ခိုက်မိထားတာဖြစ်ပြီး အဲဒီကတည်းက ကျိုးတာလား၊ နောက်မှကျိုးတာလား ကတော့ သဲသဲကွဲကွဲ မသိရပါဘူးဗျ။ ကျိုးတာကတော့ တစ်ဖက်တည်းပါ။ နောက်တစ်ဖက်လည်း ထိခိုက်ထားတာတော့ရှိပါတယ်။ ဘယ်ဖက်လည်းတော့ မသိထားပါဘူး"

နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်က နေအိမ်မှာ အိမ်စီးကား တစ်စီး၊ စစ်ကားအကြီး တစ်စီးတို့နဲ့ ရောက်လာပြီး မသဲစုအောင်နဲ့ အသက် ၅၀ အရွယ် ဖခင် ဦးမြင့်သိန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့တာလို့ ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၃ နှစ်အရွယ် မသဲစုနိုင်ကို အမျိုးသမီး PDF ခေါင်းဆောင်တစ်ယောက်လို့ စစ်ကောင်စီက စွပ်စွဲ ထားပြီး ကျောင်းသားသမဂ္ဂကတော့ သူဟာ လတ်တလော ဘာလှုပ်ရှားမှုမှ မရှိတဲ့သူလို့ နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ နေ့လယ် နောက်ထပ်ရထားတဲ့သတင်းအရ မသဲစုနိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်စောရီကိုလည်း စစ်ကောင်စီက မနက် ၁၁ နာရီခွဲအချိန်လောက်မှာ ဖမ်းဆီးသွားတယ်လို့ မိထ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။

မသဲစုနိုင်နဲ့ ဖခင်ဖြစ်သူတို့ အဖမ်းခံထားရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေကို အာဏာသိမ်းပြီး နောက် ဖမ်းဆီးမှုတွေရှိနေပြီး ထားဝယ်တက္ကသိုလ်က ကျောင်းသားတွေနဲ့ မိသားစုဝင် စုစုပေါင်း ၁၃ ယောက် ကိုလည်း ဒီလထဲမှာပဲ ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် သုံးယောက်ကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီ ချမှတ်ထားသလို မိတ္ထီလာ နည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာအထူးပြု စတုတ္ထနှစ် ကျောင်းသား ကိုအောင်ခန့်မင်းထိန် ကိုလည်း ထောင် သုံးနှစ် ချမှတ်ထားပါတယ်။


RFA Burmese

မိတ္ထီလာ ဗကသဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုခွင့်မရ  မိတ္ထီလာ ဗကသဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုခွင့်မရ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.