ဒီပဲယင်း ဆပ်ပြာကျင်းရွာရှိ လယ်တဲများကို စကစ မီးရှို့ဖျက်ဆီးကာ ရွှေ၊ငွေများ လုယက်၊



ဒီပဲယင်းတွင် စကစများ သောင်းကြမ်းနေသဖြင့် ရွာ(၁၁)ရွာမှ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရ၊၊

 နိုဝင်ဘာ - ၂၉

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းကျေးရွာရှိ စိုက်ပျိုးရေးကုန်းနှင့် တောတဲများကို ယနေ့ နိုဝင်ဘာ(၂၉)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ လက်နက်ကိုင်များသည် ၄င်းတို့ စခန်းချ ညအိပ်ပြီးနောက် မနက်ပြန်အထွက်တွင် အနီးအနားရှိ လယ်တဲများကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ မီးရှို့ခံရသဖြင့် လယ်တဲများရှိ လယ်ထွန်စက်၊ ဆိုင်ကယ်နှင့် ဆန်၊စပါးများ မီးလောင်ပျက်စီးခဲ့သည်ဟု  ဒီပဲယင်းဒေသ တော်လှန်ရေးအင်အားစု တစ်ဖွဲ့ဖြစ်သော ဒီပဲယင်း ကနောင် PDF (Kanaung Squad Depeyin PDF) က ထုတ်ပြန်သည်။

"တကယ်တော့ သူတို့ထွက်ချိန်မှာ မိုင်းခွဲလိုက်လို့ အနီးအနားက ကုန်းမှာ ရှိသမျှ အကုန် မီးရှို့သွားတာပေါ့။ သူတို့ ညအိပ်တဲ့နေရာနဲ့ မဝေးတဲ့ နေရာတစ်ခုမှာ မနက်က ပြန်တော့ မီးရှို့ခဲ့တာပါ။ ရွာထဲတော့ မဟုတ်ဘူး" ဟု ဒီပဲယင်း PDF ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။

ထို့အပြင် စစ်အုပ်စုသည် ဆပ်ပြားကျင်းကျေးရွာ သာမက ရွာအနီးဝန်းကျင်ရှိ လယ်တောများကိုပါ စီးနင်းဝင်ရောက် သောင်းကြမ်းမွှေနှောက်ကာ လုယက်ခဲ့ပြီး ၄င်းတို့ ညအိပ်တည်းခိုသည့် လယ်တဲတွင်လည်း ဆန်၊စပါးများကို ဖြန့်ကျဲ ဖျက်ဆီးထားခဲ့ကာ တဲပိုင်ရှင် စုဆောင်းထားသော ငွေကျပ်သိန်း(၅၀)ကျော် အပါအဝင် ရွှေနှင့် တန်ဘိုးကြီး ပစ္စည်းအချို့ကို မွှေနှောက်ရှာဖွေကာ လုယက်ယူဆောင်သွားသည်ဟု Kanaung Squad Depeyin PDF က ဆိုသည်။

လက်ရှိတွင် ဒီပဲယင်းနယ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်များ ဝင်ရောက်သောင်းကြမ်းကာ မွှေနှောက်လုယက်ပြီး ဒေသခံ အရပ်သားများကို သတ်ဖြတ်နေသည့်အတွက် ညောင်လှ၊ သရက်တော၊ မူးခတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး၊ သစ်တုံနှင့် မရကန် စသည့် ကျေးရွာ (၁၁)ရွာမှ ဒေသခံပြည်သူ နှစ်သောင်း တိမ်းရှောင်ထွက်ပြေးနေရသည်ဟု အဆိုပါ စစ်ဘေးရှောင်များကို ကူညီနေသူများက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုဝင်ဘာ (၂၇)ရက် ညနေပိုင်းက ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာသို့ ရဟတ်ယာဉ်များ အသုံးပြု၍ ပစ်ခတ်ခဲ့ရာ ဒေသခံအရပ်သား ပြည်သူ အနည်းဆုံး နှစ်ဦး သေဆုံးသလို ထိခိုက်ဒဏ်ရာရသူနှင့် ပျောက်ဆုံးနေသူများ ရှိသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်လှရွာမှ ဒေသခံများသည် ထွက်ပြေးနေရပြီး တကွဲတပြားစီ ဖြစ်နေသည့်အတွက် သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးဟု ဆိုသည်။




စစ်ကောင်စီ လက်နက်ကိုင်များ မီးရှို့ဖျက်ဆီးသွားသည့် လယ်တဲ၊ ဆန်စပါးနှင့် စက်ပစ္စည်းများ/ Photo - Kanaung Squad Depeyin PDF


Mandalay Free Press - MFP

ဒီပဲယင်း ဆပ်ပြာကျင်းရွာရှိ လယ်တဲများကို စကစ မီးရှို့ဖျက်ဆီးကာ ရွှေ၊ငွေများ လုယက်၊ ဒီပဲယင်း ဆပ်ပြာကျင်းရွာရှိ လယ်တဲများကို စကစ မီးရှို့ဖျက်ဆီးကာ ရွှေ၊ငွေများ လုယက်၊ Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.