မင်းကင်းနယ် ဖက်ခက်ရွာ တိုက်ပွဲတွင် စကစ ရှစ်ဦး သေပြီး အလောင်းလာသယ်သော ရဟတ်ယာဉ်က ၀ါဒဖြန့် စာရွက်များ ကျဲချ


နိုဝင်ဘာ - ၃၀

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဖက်ခက်ရွာအနီးတွင် ယနေ့ နိုဝင်ဘာ(၃၀)ရက် မနက်ပိုင်းက မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြစ်ရိုးအောက်ဒေသ (မင်းကင်း ပ.က.ဖ)နှင့် စစ်ကောင်စီ လက်နက်ကိုင်များ အချိန် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင် ရှစ်ဦး သေကာ (၁၂)ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု မင်းကင်း ပ.က.ဖ က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် (၄) နာရီအချိန်မှ စတင်၍ မင်းကင်းနယ် ကျောက်ခဲတက်ကျေးရွာမှ ဖက်ခက်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်းအာ(၁၀၀)ခန့်ပါ စစ်ကောင်စီ လက်နက်ကိုင်များနှင့် မင်းကင်း ပ.က.ဖ တပ်ဖွဲ့ဝင်များကြား နံနက်(၈)နာရီမှ (၁၀)နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ယောက် သေကာ (၁၂) ယောက် အပြင်းအထန် ဒဏ်ရာရကြောင်း အတည်ပြုနိုင်သည်ဟု  မင်းကင်း ပ.က.ဖက ထုတ်ပြန်သည်။

အဆိုပါ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို စစ်ကောင်စီ လက်နက်ကိုင်များက မိုးကာများဖြင့် ပတ်ကာ မော်တော် လေးစီးဖြင့် တင်ဆောင်၍ ပန်းဆက်ကျေးရွာ ဘက်သို့ ပြန်လည် နောက်ကြောင်း ဆုတ်သွားကြောင်း၊ သေဆုံးသူ စစ်ကောင်စီ လက်နက်ကိုင်များတွင် အရာရှိအဆင့် ပါဝင်ပြီး အဆိုပါ အလောင်းကို  ရဟတ်ယာဉ်ဖြင့် ပန်းဆက်ကျေးရွာသို့ သယ်ဆောင်သွားသည်ဟု မင်းကင်း ပ.က.ဖ က ဆိုသည်။

ထို့အပြင် အလောင်းလာသယ်သော ရဟတ်ယာဉ်က စစ်ကောင်စီ၏ ၀ါဒဖြန့် စာရွက်များ ကျဲချသွားသေးသည်ဟုလည်း ထုတ်ပြန်ထားသည်။

ယနေ့ ဖြစ်ပွားခဲ့သည့် မင်းကင်းမြို့နယ် ဖက်ခက်ကျေးရွာ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ အထိအခိုက် အကျအဆုံး မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း မင်းကင်း ပ.က.ဖ က ဆိုသည်။

လက်ရှိတွင် မင်းကင်းနယ်တကြော၌ စစ်ကောင်စီ လက်နက်ကိုင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက မင်းကင်းဒေသသို့ ထိုးစစ်ဆင်လျှက် ရှိသည်။


Mandalay Free Press - MFP

မင်းကင်းနယ် ဖက်ခက်ရွာ တိုက်ပွဲတွင် စကစ ရှစ်ဦး သေပြီး အလောင်းလာသယ်သော ရဟတ်ယာဉ်က ၀ါဒဖြန့် စာရွက်များ ကျဲချ မင်းကင်းနယ် ဖက်ခက်ရွာ တိုက်ပွဲတွင် စကစ ရှစ်ဦး သေပြီး အလောင်းလာသယ်သော ရဟတ်ယာဉ်က ၀ါဒဖြန့် စာရွက်များ ကျဲချ Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.