ကျိုင်းတုံမြို့ မှာ မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစား


သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ ၁၈ ရက်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ 

ယမန်နေ့ (နိုဝင်ဘာလ ၁၇) နေ့ခင်းပိုင်းအချိန်တွင် ကျိုင်းတုံမြို့ နယ် လွယ်လုံကျေးရွာအုပ်စုရှိ ဟွေလုံကျေးရွာတွင် နေထိုင်သည့် ဒေါ်မီဂျူး အသက် ၅၄ နှစ်ကို ၎င်း၏ သားအရင်းဖြစ်သူက ရိုက်နှက်သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ 

“သူ့သားက ဆေးစွဲနေတဲ့သူလို့ ပြောပါတယ်၊ အစောပိုင်းမှာ သူ့အမေနဲ့ စကားများသံတွေလည်း ကြားရတယ်လို့ အိမ်နီးချင်းတွေက ပြောတယ်၊ နောက်တော့ ဒေါ်မီဂျူးက အပြင်ထွက်သွားတာတွေ့ရတယ်တဲ့၊ နောက်တော့ သူ့ Dead Body ကို လယ်ကွင်းထဲမှာ ရွာသားတွေက သွားတွေ့တာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ရွာသားများမှတစ်ဆင့် ကျိုင်းတုံမြို့ မြို့မရဲစခန်းသို့ အကြောင်းကြားပြီး ရဲများမှ ဒေါ်မီဂျူးအား သတ်ဖြတ်သူကို စုံစမ်းရာ သူ့သားဖြစ်သူ၏ လက်ချက်ဖြစ်ကြောင်း ကောက်ချက်ချ ဖော်ထုတ်ခဲ့ကြောင်းလည်း သိရသည်။ 

“အစကတော့ သူက ဘယ်လိုသေတယ်၊ ဘာကြောင့်သေတယ်ဆိုတာ မသိရဘူး၊ ဒဏ်ရာကလည်း ရှိနေတယ် ဆိုတော့ အသတ်ခံရတယ်လို့ပဲ ရွာသားတွေ သိကြတာ၊ ရဲတွေရောက်လာပြီး သူ့သားကိုစစ်တော့ သူသတ်ကြောင်းဝန်ခံတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ 

အဆိုပါ ဒေါ်မီဂျူးသည် ဦးခေါင်းနောက်စေ့၊ နားရွက်နောက်ဖက်တွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်နေပြီး လည်ပင်းညှပ်ခံထားရသည့် ဒဏ်ရာများလည်းတွေ့ရကြောင်း ၎င်းက ဆိုသည်။ 

“အဓိက ကတော့ မူးယစ်ဆေးကြောင့်ပေါ့၊ ရာမတွေပေါတယ်၊ အခုဆို အဖေကို သားကသတ်၊ အမေကို သားကသတ်၊ မယားကို ယောက်ျားကသတ်နဲ့ အသိစိတ်တွေ ပျောက်ကုန်ကြပြီ၊ သက်ဆိုင်ရာတွေ မြန်မြန်ဖြေရှင်းပါ၊ ဒီမူးယစ်ဆေးတွေကို ရှင်းလင်းပေးပါလို့ တောင်းဆိုချင်တယ်” ဟု လွယ်လုံကျေးရွာတွင် နေထိုင်သည့် အာခါလူမျိုး အမျိုးသား တစ်ဦးက ပြောသည်။ 

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စုကဲ့သို့သော ဒေသများတွင် မူးယစ်ဆေးဝါးများသည် ဈေးကွက်တစ်ခုလိုရှိနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း နှိမ်နှင်းနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

SHAN News (Burmese Version) 

ကျိုင်းတုံမြို့ မှာ မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစား ကျိုင်းတုံမြို့ မှာ မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစား Reviewed by THITHTOOLWIN on 18:07 Rating: 5

No comments:

Powered by Blogger.