မိုးကုတ်တွင် ဖမ်းခေါ်ခံရသော အသက်(၁၆)နှစ်အရွယ် မိန်းကလေး ယခုထိ အဆက်အသွယ် မရသေး

ယူနီဖောင်းဝတ် စစ်သားလေးဦးက ဖမ်းခေါ်ဆောင်သွားသော မိုးကုတ်မှ (၁၀)တန်းကျောင်းသူ မဝေနှင်းဖြူ/ Photo - ပေးပို့

MFP ၊ နိုဝင်ဘာ -၂၄

မန္တလေးတိုင်း မိုးကုတ်မြို့တွင် အသက်(၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသူ မိန်းကလေးတစ်ဦးကို ယူနီဖောင်းဝတ် စစ်သားလေးဦးက နိုဝင်ဘာ(၂၃)ရက် ညနေ(၅)နာရီ ဝန်းကျင်တွင် ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ယနေ့ မနက်ပိုင်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသလို အဆက်အသွယ် မရသေးသဖြင့် စိုးရိမ်ပူပန်နေကြောင်း မိသားစုနှင့် နီးစပ်သူများက MFP သို့ ပြောသည်။

မိုးကုတ်မြို့ အရှေ့ပိုင်း ရွံ့ပန်းရပ်ကွက်နေ အသက်(၁၆)နှစ်အရွယ်  မဝေနှင်းဖြူသည် နိုဝင်ဘာ(၂၃)ရက် ညနေပိုင်းက သူငယ်ချင်းဖြစ်သူ ညီဝေယံနှင့်အတူ ဖောင်းတော်ဦးဘုရား ဆောင်းတန်းတွင် ထိုင်နေစဉ် ယူနီဖောင်းဝတ် စစ်သားလေးဦး ရောက်ရှိလာပြီး နှစ်ဦးလုံးကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ညီဝေယံကို ထိုးကြိတ်ရိုက်နှက်ကာ ပြန်လွှတ်ပေးခဲ့ပြီး မဝေနှင်းဖြူကို အိမ်ပြန်ပို့ပေးမည်ဟု ဆိုကာ ဂေါက်ကွင်းတောလမ်းထဲသို့ ဖမ်းခေါ်သွားခြင်း ဖြစ်သည်ဟု မိသားဝင်တစ်ဦးက လူမှုကွန်ယက်တင် ရေးသားထားသည်။

လက်ရှိအချိန်ထိ မဝေနှင်းဖြူသည် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသေးသလို မိသားစုနှင့် အဆက်အသွယ် ပြတ်နေသည်ဟု နီးစပ်သူများက ဆိုသည်။

“အခုချိန်ထိ အဆက်သွယ်လည်း မရသေးလို့ စိတ်ပူလို့ သေတော့မယ်။ နှစ်ယောက်လုံးရဲ့ ဖုန်းလည်း သိမ်းထားတာ ဖုန်းလည်း ဆက်လို့မရ” ဟု မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်တွင် ရေးသည်။

မဝေနှင်းဖြူကို ယူနိဖောင်းဝတ် စစ်သားလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖုန်းများလည်း သိမ်းယူထားသည်ဟု ပြန်လည်လွတ်မြောက်လာသူ ညီဝေယံက ပြောကြောင်း ၄င်း၏ မိသားစုဝင်များက ဆိုသည်။

“သူနဲ့အတူထိုင်နေတဲ့ သူကို ထိုးကြိတ် ပြန်လွှတ်လိုက်တယ်။ မိန်းကလေးကိုတော့ အိမ်ပြန်ပို့မယ် ပြောပြီး တောထဲ ခေါ်သွားတယ်။ အခုထိ အဆက်အသွယ် မရသေးဘူး။ အိမ်လည်း ပြန်မရောက်သေးဘူး“ မိသားဝင်တစ်ဦးက ပြောသည်။

ဖောင်တော်ဦး ဘုရားအနီးတွင် စစ်ကောင်စီ လက်နက်ကိုင်များ၏ ကင်းစခန်းရှိသည်ဟု မြို့ခံများက ပြောသည်။

Mandalay Free Press - MFP

မိုးကုတ်တွင် ဖမ်းခေါ်ခံရသော အသက်(၁၆)နှစ်အရွယ် မိန်းကလေး ယခုထိ အဆက်အသွယ် မရသေး မိုးကုတ်တွင် ဖမ်းခေါ်ခံရသော အသက်(၁၆)နှစ်အရွယ် မိန်းကလေး ယခုထိ အဆက်အသွယ် မရသေး Reviewed by THITHTOOLWIN on 10:38 Rating: 5

No comments:

Powered by Blogger.