နယူးယောက်မှာ မြန်မာအမျိုးသမီး သေဆုံးတဲ့ လုယက်မှု သံသယတရားခံ ဖမ်းဆီးမိ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြေအောက်ရထား ဘူတာရုံတခုမှာ လွန်ခဲ့တဲ့ ဇူလိုင်လထဲက မြန်မာအမျိုးသမီးတဦး သေဆုံးခဲ့တဲ့ လုယက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် David Robinson ကို လူသတ်မှု၊ လူသေစေမှုတွေနဲ့ သောကြာနေ့က ဖမ်းဆီးခဲ့တာလို့ နယူးယောက်ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောဆိုလိုက်တာပါ။

အသက် ၅၈ နှစ်အရွယ် ဒေါ်သန်းသန်းထွေး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့တုန်းက နယူးယောက် Manhattan တရုတ်တန်းမှာရှိတဲ့ မြေအောက်ရထားဘူတာရုံမှာ သားဖြစ်သူနဲ့အတူ လမ်းလျှောက်လာစဉ် သားဖြစ်သူရဲ့ ကျောပိုးအိတ်ကို လုယက်ခံရချိန်မှာ ဒေါ်သန်းသန်းထွေး လှေခါးကနေ လိမ့်ကျခဲ့တဲ့ ဒဏ်ရာနဲ့ ရက်အတော်ကြာ သတိလစ် မေ့မြောနေခဲ့ပြီး နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါ်သန်းသန်းထွေးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မိသားစုက ပြောဆိုတာကို WABC ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။

ဒါဟာ အတော်ကိုပဲ ဆိုးဝါးတဲ့ ရာဇဝတ်မှုတခု ဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုအတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်လို့ နယူးယောက် မြို့ပတ်ရထားပို့ဆောင်ရေး တာဝန်ရှိသူက စနေနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

နယူးယောက်မှာ မြန်မာအမျိုးသမီး သေဆုံးတဲ့ လုယက်မှု သံသယတရားခံ ဖမ်းဆီးမိ နယူးယောက်မှာ မြန်မာအမျိုးသမီး သေဆုံးတဲ့ လုယက်မှု သံသယတရားခံ ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 09:42 Rating: 5

No comments:

Powered by Blogger.