လျှပ်စစ်မီးတွေ လျှော့ချမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်


လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာပြီး ဓာတ်အားလိုင်းတချို့ ပြုပြင်ဖို့ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ နိုဝင်ဘာ ၁၉ ရက်ကစလို့ တစ်နေ့ကို နှစ်နာရီ ဝန်အား လျှော့ချသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး အရှေ့၊ ပဲခူး အနောက်နဲ့ ဧရာဝတီ စတဲ့ဒေသတွေက လျှပ်စစ်ဓာတ်အား ပမာဏကို အဓိက လျှော့ချထားဖို့ ရည်ရွယ် ထားတာ တွေ့ရပါတယ်။

အဲဒီတိုင်းနဲ့ပြည်နယ် ၁၀ ခုတို့မှာ ပုံမှန် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၂၇၅ မဂ္ဂါဝပ်ရှိနေပြီး ဒီထဲက ၁၅၀ မဂ္ဂါဝပ်ကို ညနေ ၆ နာရီကနေ ၈ နာရီအတွင်း လျှော့ချသွားမယ်လို့ ဆိုထားတာပါ။

အဲဒီဒေသတွေမှာ နေ့တိုင်း မီးမပျက်စေဖို့အတွက် သင့်တော်တဲ့ အုပ်စုခွဲပြီး တစ်လကြာတဲ့အထိ အလှည့်ကျ လျှပ်စစ်ဓာတ်အားကို လျှော့ချသွားမယ်လို့ တွေ့ရပါတယ်။

ဒီလိုလျှပ်စစ်ဓာတ်အားလျှော့တာကြောင့် လျှပ်စစ်မီးပျက်တာတွေ ရှိလာနိုင်တယ်လို့လည်း ပြောထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်ကတော့ "ဖြတ်မယ်ဆိုလည်း အချိန်အတိအကျ ဖြတ်လေ။ လူတွေက ဟင်းချက်တာ၊ ထမင်းချက်တာတွေ လုပ်ရဦးမှာမလား။ ဒီလို နှစ်နာရီဖြတ်တော့ မီတာခတွေက ဆက်တက်နေဦးမှာလား" လို့ ထောက်ပြပြောပါတယ်။

လျှပ်စစ်ဓာတ်အား လျှော့ချခံရမယ့်အထဲမှာ စစ်ကိုင်းတိုင်းက ၂၅ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းက ၂၀ မဂ္ဂါဝပ်နဲ့ မကွေးတိုင်းက ၂၀ မဂ္ဂါဝပ် နဲ့ ပမာဏာ အများဆုံး အလျှော့ခံရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၇ ရက်နေ့ စာရင်းအရ လျှပ်စစ်ဓာတ်အား ၃၇၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်က ၁၄၀၀ မဂ္ဂါဝပ်ကျော်အထိ အများဆုံး သုံးစွဲနေသလို မန္တလေးက မဂ္ဂါဝပ် ၆၀၀ ကျော်အထိ သုံးစွဲနေတာ တွေ့ရပါတယ်။

နေပြည်တော်မှာတော့ ၁၄၆ မဂ္ဂါဝပ် သုံးစွဲနေခဲ့တာတွေ့ရပြီး ဒါဟာ အခု တိုင်းနဲ့ ပြည်နယ် ၁၀ ခုက လျှပ်စစ် ဓာတ်အားလျှော့ချမယ့် ၁၅၀ မဂ္ဂါဝပ် နဲ့ သိပ်မကွာတဲ့ ပမာဏကို နေပြည်တော်တစ်ခုတည်းက သုံးစွဲနေတာ ဖြစ်ပါတယ်။

RFA Burmese

လျှပ်စစ်မီးတွေ လျှော့ချမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်  လျှပ်စစ်မီးတွေ လျှော့ချမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန် Reviewed by THITHTOOLWIN on 00:58 Rating: 5

No comments:

Powered by Blogger.