မတူပီမြို့တွင် စစ်ကောင်စီတပ်တွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးဟုဆို

ခိုနူမ်းသုန်သတင်း၊ ၂၉ နိုဝင်ဘာ ၂၀၂၁

ချင်းပြည်နယ် မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံကာ သုံးပွင့်အဆင့်ရှိသည့် ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတစ်ဦး သေဆုံးမှု နိုဝင်ဘာလ ၂၆ ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မတူပီမြို့နယ် ဖနိုင်-ငလိုင်ကျေးရွာအကြားတွင်တည်ရှိသော ခရိုင်ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါညတွင် ၁၄၀ တပ်ရင်းအတွင်း ယခုကဲ့သို့ အချင်းချင်းပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်နှင့်နီးစပ်သည့် သတင်းရစ်မြစ်တစ်ဦးက ပြောသည်။

“အဲဒီတိုက်ပွဲဖြစ်တဲ့ညမှာပဲ တပ်ထဲမှာ သူတို့ အချင်းချင်းစိတ်ဝမ်းခွဲပြီး ပစ်ခတ်လို့ သုံးပွင့်ဗိုလ်နဲ့ သူကိုယ်ရေးအရာရှိက အဲ့မှာပဲ ပွဲချင်းသေတယ်၊ ၃ ယောက်ကတော့ အဆိပ်သင့်ပြီးတော့ အခု တပ်တွင်းဆေးရုံမှာပဲရှိနေတယ်”  ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် တပ်တွင်း အချင်းချင်းပစ်ခတ်လုပ်ကြံမှုနှင့်ပတ်သက်၍ ထုတ်ပြန်လေ့မရှိသကဲ့သို့ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့်လည်း ယင်းဖြစ်စဉ်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများတွင် တပ်တွင်းလုပ်ကြံမှု ယခင်ကလည်း ဖြစ်ပွားလေ့ရှိသည်။

မတူပီမြို့မှ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကမူ သုံးပွင့်ဗိုလ်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိသေဆုံးမှုမှာ မှန်ကန်သော်လည်း တပ်တွင်း အချင်းချင်းပစ်ခတ်မှုကြောင့်မဟုတ်ပဲ အရက်ရှားပါးပြီး အရက်ပျံသောက်သုံးမှုကြောင့် ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ခိုနူမ်းသုန်ကိုပြောသည်။

“အရက်ပျံသောက်ပြီးမှ ဆုံးသွားတယ်လို့သိရတယ်၊ မတူပီမှာ အရက်လုံးဝရှားတယ်လေ၊ အရက်လုံးဝမရတော့ဘူး၊ ဒါကြောင့် အရက်ပျံသောက်တာနဲ့ သေတယ်လို့ပဲကြားတယ်၊ သတင်းအမှောင်ချတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်" ဟု ၎င်းကပြောသည်။

မတူပီမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့ကလည်း ခလရ ၁၄၀ တပ်ရင်းတွင် ဗိုလ်ကြီးတစ်ဦးမှ တပ်တွင်း ဝါဒဖြန့်ကြေးနန်းစာဖတ်ပြနေစဉ်တွင် စစ်သားတစ်ယောက်မှ သေနတ်နှင့်ပစ်ခတ်ကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

Khonumthung Burmese 



မတူပီမြို့တွင် စစ်ကောင်စီတပ်တွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးဟုဆို မတူပီမြို့တွင် စစ်ကောင်စီတပ်တွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးဟုဆို Reviewed by THITHTOOLWIN on 07:40 Rating: 5

No comments:

Powered by Blogger.