ကံပေါက်‌ဒေသခံ ၂ ဦး ထပ်မံဖမ်းဆီးခံရ ၊ ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိလာ


ရေဖြူ ၊ နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာက အပြစ်မဲ့ပြည်သူ ၂ ဦးကို  နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀ ဦးမနည်းရှိလာပြီး ဖြစ်တယ်လို့ ဒေသခံတွေက သိရပါတယ်။

ကံပေါက်ဒေသမှာ စရဖရုံးနဲ့အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုတွေနဲ့ ပတ်သက်သည်ဟုဆိုကာ ဒေသခံတွေကို မတရားဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ယနေ့မနက် ၃ နာရီခန့်မှာ လှည်ကုန်း ၂ ရပ်ကွက်နေထိုင်သူ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်စိုးနဲ့ခွေးမဖော်ရွာနေထိုင်သူ ကိုသက်ကိုဦးတို့ကို နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ညကလည်း ကံပေါက်ဒေသခံ  ဦးတင်ညွန့်၊ ဦးကင်မြင့်၊ ဦးကိုလေး၊ဦးဝင်းရှိန်၊ ကိုပြည်စိုး၊ ဦးငယ်ငယ်၊ ဦးနွမ်မဲ၊ မမြင့်မြတ်တို့အပါအဝင် ၈ ဦးထက်မနည်းကို ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

"မနေ့ညက ဖမ်းဆီးမှုက အင်အားများတယ်။ နေအိမ်တွေဝင်ရောက်တုန်းက လူတွေကိုယ်ထိလက်ရောက်ရိုက်နှက်ဖမ်းဆီးတာတွေရှိတယ်။ ခုဆို ကံပေါက်မှာ ဖမ်းဆီးခံထားရသူ ၁၀ ဦးထက် မနည်းရှိနေပြီ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက်ကြီးအရွယ်အိုတွေ ပါဝင်နေတာကြောင့်  ကျန်ရှိသူ မိသားစုဝင်တွေက ၄င်းတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ကံပေါက်ဒေသရှိ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညက ကံပေါက် ဒေသမှာ ပျူစောထီးတစ်ဦးကို ရှင်းလင်းသုတ်သင်ခဲ့ကာ အုပ်ကြီးရုံးနှင့် စရဖရုံးတို့ကို ဖောက်ခွဲမှုတွေ လုပ်ခဲ့တယ်လို့ ကံပေါက်ဒေသကာကွယ် ရေးတပ်ဖွဲ့ (KBDF) ကထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

ကံပေါက်‌ဒေသခံ ၂ ဦး ထပ်မံဖမ်းဆီးခံရ ၊ ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိလာ ကံပေါက်‌ဒေသခံ ၂ ဦး ထပ်မံဖမ်းဆီးခံရ ၊ ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိလာ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.