မန္တလေး လမ်း၃၀ စုပေါင်းရုံးအတွင်း ပေါက်ကွဲမှု စကစခန့် ခရိုင်ကောင်စီဝင်နှင့် ရှေ့နေတစ်ဦး ဒဏ်ရာရ၊ ခရိုင်ထွေအုပ်ရုံး အဆောက်အဦနှင့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးမှုရှိ


MFP ၊ နိုဝင်ဘာ - ၂၅

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ပေါ်ရှိ ရုံးပေါင်းစုံဝင်းအတွင်း ယနေ့ နေ့လည်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင် တစ်ဦးနှင့် ရှေ့နေ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ခရိုင် ထွေအုပ်ရုံး အဆောက်အဦးနှင့် တိုင်းစစ်ရင်းစစ်ချုပ်ရုံး ဝန်ထမ်းတစ်ဦး၏ကား ပျက်စီးမှု ရှိခဲ့ကြောင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နိုဝင်ဘာ(၂၅)ရက် နေ့လည်(၁)နာရီကျော်အချိန်က ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ လမ်း ၃၀ ၊ ၆၈လမ်းနှင့် လမ်း ၇၀ ကြား၊ ဌာနဆိုင်ရာ ရုံးပေါင်းစုံ စုပေါင်းရုံးဝင်းအတွင်းရှိ တိုင်းတရားရုံးနှင့် တိုင်းစာရင်းစစ်ရုံး အကြားတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ရုံးပေါင်းစုံဝင်းအတွင်းရှိ မန္တလေးတိုင်း တရားလွှတ်တော်ရုံး၊ မန္တလေးခရိုင် ထွေအုပ်ရုံးနှင့် တိုင်းစာရင်းစစ်ရုံးအကြားရှိ အများသုံး သန့်စင်ခန်းအနီးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီးအတွင်းမှ လက်လုပ် ရီမုမိုင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီခန့် မန္တလေးခရိုင် ကောင်စီဝင် ဒေါက်တာလှကြွယ် နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင်းဝင်းမော်တို့တွင် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု MFP ၏ သတင်းရင်းမြစ်များက ဆိုသည်။


ထို့အပြင် ပေါက်ကွဲမှုကြောင့် မန္တလေးခရိုင်ထွေအုပ်ရုံး  အဆောက်အဦး ပြတင်းပေါက်မှန်များ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို  ပေါက်ကွဲမှုဖြစ်သည့် ဆိုင်ကယ်အနီးတွင် ရပ်ထားသော တိုင်းစာရင်းစစ်ရုံး ဦးစီးအရာရှိ ဦးကြည်ဖေ၏ မော်တော်ယာဉ်လည်း  ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပါ။

မန္တလေးမြို့၌ ယနေ့ တစ်နေ့တည်း စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ခုနှစ်နေရာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။


လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့ပေါ်ရှိ ရုံးနှင့် ဌာနများ အားလုံးကို ပြန်လည် ဖွင့်လှစ်ထားပြီး လက်နက်ကိုင်များ အစောင့်ချခြင်း၊ မြို့တွင်း ကင်းပတ်ခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို သေနတ်များ ထုတ်ပေးခြင်းများ ပြုလုပ်ထားသည်။ ထို့အပြင် မြို့ပေါ်၌ အမျိုးသားနှစ်ယောက်တွဲ ဆိုင်ကယ်မစီးရန် တားမြစ်ထားပြီး လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေး ငွေတောင်းခြင်းများ ပြုလုပ်နေသည်။ 

လမ်း ၃၀ စုပေါင်းရုံးဝင်းအတွင်း ပေါက်ကွဲမှုအပြီး တွေ့ရစဉ်/ Photo - ပေးပို့

Mandalay Free Press - MFP

မန္တလေး လမ်း၃၀ စုပေါင်းရုံးအတွင်း ပေါက်ကွဲမှု စကစခန့် ခရိုင်ကောင်စီဝင်နှင့် ရှေ့နေတစ်ဦး ဒဏ်ရာရ၊ ခရိုင်ထွေအုပ်ရုံး အဆောက်အဦနှင့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးမှုရှိ မန္တလေး လမ်း၃၀ စုပေါင်းရုံးအတွင်း ပေါက်ကွဲမှု စကစခန့် ခရိုင်ကောင်စီဝင်နှင့် ရှေ့နေတစ်ဦး ဒဏ်ရာရ၊ ခရိုင်ထွေအုပ်ရုံး အဆောက်အဦနှင့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးမှုရှိ Reviewed by THITHTOOLWIN on 18:52 Rating: 5

No comments:

Powered by Blogger.