တောင်သာ ရုံးပင်ရွာသို့ စကစများ ညအချိန် စီးနင်းဝင်ရောက်ကာ လုယက် မီးရှို့

တောင်သာမြို့နယ် ရုံးပင်ရွာရှိ စကစများ မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်နှင့် တဲများ

MFP ၊ နိုဝင်ဘာ - ၁၅

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးပင်ရွာသို့ ယမန်နေ့ နိုဝင်ဘာ(၁၄)ရက် ညပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်များ စီးနင်းဝင်ရောက်ကာ  နေအိမ်နှင့်တဲ ခြောက်လုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ်နှစ်စီး အပါအဝင် ရွာခံများ၏ ပစ္စည်းအချို့ကိုလည်း လုယက်သွားကြောင်း ဒေသခံများက MFP သို့ ပြောသည်။

"ကာကွယ်ရေး တပ်ဖွဲ့တွေ နေသွားတယ်၊ လက်ခံတယ်ဆိုပြီး လာလုပ်တာပဲ။ ကျွန်တော်တို့ဆီ သူတို့ဝင်တော့ ည ၁၁နာရီ၊ ၁၂နာရီလောက် ရှိမယ်။ ရွာအစွန်က လူနေအိမ် သုံးလုံးနဲ့ တဲသုံးလုံးကို မီးတင်ရှို့သွားတယ်။ မီးစက်သုံးလုံးနဲ့ ဆိုင်ကယ်နှစ်စီးလည်း ယူသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။


စစ်ကောင်စီ လက်နက်ကိုင်များသည် သူခိုးဓားပြများကဲ့သို့ ရုံးပင်ရွာသို့ စီးနင်းဝင်ရောက်ကာ မွှေနှောက်သောင်းကြမ်း လုယက်သွားသည်ဟု တောင်သာမြို့ခံများကလည်း ပြောသည်။

"ရွာကို နေ့တိုင်းဝင်တယ်။ ကျွန်တော်တို့ ရွာထဲ မနေရဲဘူး။ အားလုံး ရှောင်နေရတာကြာပြီ။ လူတွေ့ရင် ဖမ်းတယ်။ လူမတွေ့ရင် တွေတဲ့ပစ္စည်း အကုန်ယူတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရုံးပင်ရွာသည် အိမ်ခြေ (၄၀၀)ခန့် ရှိပြီး စစ်ကောင်စီ လက်နက်ကိုင်များက မကြာခဏ ရွာအတွင်း ဝင်ရောက်ကာ မွှေနှောက်လုယက် သောင်းကြမ်းနေသဖြင့် သက်ကြီးရွယ်အို၊ ကလေးငယ်နှင့် အမျိုးသမီးများပါ မကျန် ထွက်ပြေးနေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တောင်သာမြို့အဝင်ဂိတ်ရှိ စစ်ကောင်စီ လက်နက်ကိုင်များ ညအချိန် တိုက်ခိုက်ခံရကာ အချို့ သေပြီးနောက် ယခုကဲ့သို့ တောင်သာနယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ လက်နက်ကိုင်များက စီးနင်းဝင်ရောက်ခြင်း၊ မွှေနှောက်လုယက် သောင်းကြမ်းခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

Mandalay Free Press - MFP

တောင်သာ ရုံးပင်ရွာသို့ စကစများ ညအချိန် စီးနင်းဝင်ရောက်ကာ လုယက် မီးရှို့ တောင်သာ ရုံးပင်ရွာသို့ စကစများ ညအချိန် စီးနင်းဝင်ရောက်ကာ လုယက် မီးရှို့ Reviewed by THITHTOOLWIN on 07:56 Rating: 5

No comments:

Powered by Blogger.