အဓမ္မပြုကျင့်မှု ကျုးလွန်သူကို သင်းကွပ်မည့် ဥပဒေ ပါကစ္စတန် အတည်ပြု


ပါကစ္စတန်နိုင်ငံမှာ အဓမ္မပြုကျင့်မှု ကျုးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်တာ အပါအဝင် ပြင်းထန်တဲ့ အပြစ်ပေးဖို့နဲ့ အမှုတွေကို မြန်မြန်ဆန်ဆန် စီရင်ဖို့ ဥပဒေတရပ်ကို ဗုဒ္ဓဟူးနေ့မှာပဲ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ မကြာသေးခင်ကစလို့ အမျိုးသမီးနဲ့ ကလေးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ တိုးလာနေရာက ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာရာက လွှတ်တော်က ဥပဒေကို အတည်ပြုလိုက်တာပါ။

ဥပဒေသစ်အရ အဓမ္မပြုကျင့်မှု စွဲချက်တွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဆုံးဖြတ်စီရင်ဖို့၊ ဖြစ်နိုင်ရင် ၄ လလောက်အတွင်း မြန်မြန်ဆန်ဆန် စီရင်နိုင်အောင် နိုင်ငံတလွှား အစိုးရက အထူးခုံရုံးတွေ စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျုးလွန်သူတွေကိုလည်း နိုင်ငံတော်အချက်အလက် မှတ်တမ်းတင်ဌာနရဲ့ အကူအညီနဲ့ မှတ်ပုံတင် စာရင်းသွင်းထားမှာပါ။

စော်ကားခံရသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို အကာအကွယ်ပေးထားပြီး၊ နာရီပိုင်းအတွင်း ဆေးစစ်ချက် ယူနိုင်အောင် အထူးနေရာတွေကို ဖန်တီးပေးဖို့လည်း ဥပဒေမှာ ထည့်သွင်းထားပါတယ်။ အုပ်စုလိုက် အဓမ္မပြုကျင့်သူတွေကိုတော့ သေဒဏ်၊ ဒါမှမဟုတ် တသက်တကျွန်း အပြစ်ပေးမှာဖြစ်ပြီး၊ တကြိမ်မက ကျုးလွန်သူတွေကိုတော့ ဓာတုနည်းနဲ့ သင်းကွပ်မှာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အဓမ္မပြုကျင့်သူတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရဲ့ ၄ ရာခိုင်နှုန်းလောက်သာ အရေးယူအပြစ်ပေးခံရကြောင်းလည်း ဝေဖန်သူတွေက ပြောဆိုထားကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဥပဒေသစ်ကို ကြိုဆိုလိုက်ပေမဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ တိုးတက်ဖို့နဲ့ စော်ကားခံရသူတွေ တရားမျှတမှုရအောင် လက်တွေ့ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)

အဓမ္မပြုကျင့်မှု ကျုးလွန်သူကို သင်းကွပ်မည့် ဥပဒေ ပါကစ္စတန် အတည်ပြု အဓမ္မပြုကျင့်မှု ကျုးလွန်သူကို သင်းကွပ်မည့် ဥပဒေ ပါကစ္စတန် အတည်ပြု Reviewed by THITHTOOLWIN on 06:14 Rating: 5

No comments:

Powered by Blogger.