ဒလန်တွေအုပ်စုဖွဲ့တိုင်ကြားလို့ ဇီးတောရွာသား သုံးဦးကို စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး


ရေစကြို၊ နိုဝင်ဘာ ၁၆၊ ၂၀၂၁။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာက ရွာသား သုံးဦးကို နိုဝင်ဘာ ၁၆ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဦးစုမြိုင်၊ ကိုအောင်ဇော်မျိုးနဲ့ သားဖြစ်သူ မိုးဒီ (ခ) မောင်မြင့်မြတ်သူ တို့ဖြစ်ပြီး PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲ့ဒိရွာမှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေက သတင်းပေးတိုင်းကြားတာကြောင့် ခုလိုဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“သူတို့စခန်းချတဲ့ ဇီးတောရွာက စာသင်ကျောင်းထဲကို ဖမ်းခေါ်သွားတာပါ၊ လက်ရှိဖမ်းဆီးခံရတဲ့ ၃ ယောက်အခြေအနေကတော့ အပြင်ကဘာမှမသိရသေးပါဘူး။" လို့ ဒေသခံတဦးက ပြောပါတယ်။

ဇီးတောရွာက ဒလန်ကိုသန်းဌေးဆိုသူ အသတ်ခံရပြီးနောက်မှာ ဒလန်တွေအနေနဲ့ ရွာထဲမှာမနေရဲတော့ပဲ စစ်တပ်ထဲကို သွားနေခဲ့ကြပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကမှ စစ်သား ၅ ဦးနဲ့ ရွာကိုပြန်လာကာ ဇီးတောကျေးရွာက စာသင်ကျောင်းထဲမှာ စခန်းချနေထိုင်နေကြတာဖြစ်တယ်လို့  ဒေသခံတဦးကဆက်ပြောပါတယ်။

“စာသင်ကျောင်းထဲမှာ စခန်းချနေတာ စစ်သားက ၅ ယောက်၊ ဒလန်ကတော့ ၁၅ ယောက် လောက်ရှိပါတယ်။ အခုလဲ ရွာမှာအေးအေးဆေးဆေး နေနေကြတဲ့သူတွေကို ဒုက္ခလိုက်ပေးနေတာပါ၊ သူတို့ကြောင့် ရွာကလဲ ခြောက်ကပ်နေပြီး တခြားကိုသွားရှောင်နေကြတဲ့သူတွေလည်း အတော်ကို ဒုက္ခတွေများပါတယ်။ မြန်မြန်အေးအေးချမ်းချမ်း ဖြစ်ချင်ပါပြီဗျာ”လို့ သူကဆက်ပြောပါတယ်။

ဇီးတောရွာမှာ လူဦးရေ သုံးထောင်ကျော်ရှိပြီး လက်ရှိအချိန်မှာ သုံးပုံတပုံလောက်က စစ်ကောင်စီ ဖမ်းဆီးမှာကို စိုးရိမ်တဲ့အတွက် ရွာကနေတိမ်ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ဒလန်တွေအုပ်စုဖွဲ့တိုင်ကြားလို့ ဇီးတောရွာသား သုံးဦးကို စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး ဒလန်တွေအုပ်စုဖွဲ့တိုင်ကြားလို့ ဇီးတောရွာသား သုံးဦးကို စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး Reviewed by THITHTOOLWIN on 17:59 Rating: 5

No comments:

Powered by Blogger.