ရန်ကုန်က စစ်ကောင်စီလုံခြုံရေးစခန်းတချို့တိုက်ခိုက်ခံရ

 ရန်ကုန်က စစ်ကောင်စီလုံခြုံရေးစခန်းတချို့တိုက်ခိုက်ခံရ

ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူတချို့ထိခိုက်မှုရှိတယ်လို့ဒေသခံတွေပြော

ထန်းတပင်တာဆုံပစ်ခတ်မှုမှာ ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်လာတဲ့ ဗီဒီယိုမှတ်တမ်းက ဓါတ်ပုံ

ရန်ကုန်တိုင်းအတွင်း သန်လျင်တံတားအဆင်းက စစ်ဆေးရေးဂိတ်၊ တိုင်းရင်းသားကျေးရွာအနီးက မီးပွိုင့်မှာတပ်စွဲထားတဲ့ ယာဉ်ထိန်းရဲတွေနဲ့ လှိုင်သာယာနဲ့ထန်းတပင်တာဆုံစစ်ဆေးရေး ဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်လုံခြုံရေးစခန်းတွေ ပစ်ခတ်တိုက်ခိုက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သာကေတဘက်ခြမ်းက တံတားအတက်မှာပစ်တာ။ အချက် ၂၀ လောက်ဆက်တိုက်ပဲ။အပြန်အလှန်ဖြစ်ဖို့တော့များတယ်။ ဖြစ်ဖြစ်ချင်းမကြာဘူး။ သန်လျင်တံတားအဆင်းကနေ သာကေတအဝိုင်းပတ်ပတ်လည်အထိတော့လမ်းတွေအကုန်ပိတ်လိုက်တယ်” ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

သန်လျင်တံတားအဆင်းကဖြစ်စဉ်နဲ့ တိုင်းရင်းသားကျေးရွာအနီးပစ်ခတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်သားနဲ့ယာဉ်ထိန်းရဲစုစုပေါင်း ၅ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင်လောက်ဒဏ်ရာရနိုင်တယ်လို့ မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေလုပ်နေတဲ့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်တာတွေ့ရပါတယ်။

ဒေသကာကွယ်ရေးတပ်ဘက်ကတော့ စစ်ကောင်စီဘက်က အပြန်အလှန်ပစ်ခတ်နိုင်တာမရှိခဲ့ဘူးလို့ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်းစစ်ဒေသကွပ်ရဲရေးအဖွဲ့ရဲ့ ဒီပစ်ခတ်မှုတွေကိုတော့ ပျံလွှားအောင်စစ်ဆင်ရေး စီမံချက်နဲ့တပြိုင်တည်းလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်လာပါတယ်။

အလားတူပဲ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ထဲက ထန်းတပင်တာဆုံစစ်ဆေးရေးဂိတ်ကိုလည်း ဒေသကာကွယ်ရေးတပ်ဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးပစ်ခတ်မှု ဗီဒီယိုမှတ်တမ်းကိုလည်း လှုမှုကွန်ရက်မှာထုတ်ပြန်လာပါတယ်။

အဲဒီပစ်ခတ်မှုမှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦး အပြင်းအထန်ဒဏ်ရာရသလို အပြန်အလှန်ပစ်ခတ်မှုကြောင့် အိမ်စီးကားတစ်စီးကိုလည်း ထိမှန်ခဲ့ပြီး ယာဉ်မောင်းနဲ့ကလေးငယ်တစ်ဦးလည်း ထိမှန်ခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

“ဒေသကာကွယ်ရေးဘက်ကပစ်တော့ စစ်ကောင်စီဘက်ကလည်းရဲကင်းထဲကထွက်လာပြီး ပြန်ပစ်တယ်။ အိမ်စီးကားတစ်စီးထိမှန်ပြီး ယာဉ်မောင်းနဲ့ကလေးငယ်တစ်ဦးထိတယ်။ယာဉ်မောင်း ကတော့ ရင်ဘတ်ကိုထိတယ်။ ကလေးငယ်ကတော့ရှပ်ထိတယ်။လောလောဆယ် ရဲကားတွေ၊ လူနာတင်ကားတွေနဲ့ရှုပ်နေတယ်” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ရန်ကုန်မြို့အတွင်းက ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကိုလည်း ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

BBC Burmese 

ရန်ကုန်က စစ်ကောင်စီလုံခြုံရေးစခန်းတချို့တိုက်ခိုက်ခံရ ရန်ကုန်က စစ်ကောင်စီလုံခြုံရေးစခန်းတချို့တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 17:53 Rating: 5

No comments:

Powered by Blogger.