ဒီပဲယင်းနယ်၌ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် မိသားစုငါးဦး အသတ်ခံရပြီး ကျပ်သိန်း(၁၀၀)ခန့် လုယက်ခံရ


စစ်အာဏာသိမ်းပြီးနောက် ဒီပဲယင်းနယ်တွင် မိသားစုလိုက် အသတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေ၊

 နိုဝင်ဘာ - ၂၃

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် သာယာအေးရွာတွင် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် မိသားစုဝင် ငါးဦး ယနေ့ နိုဝင်ဘာ(၂၃)ရက် မနက်ပိုင်းက နေအိမ်အတွင်း အသတ်ခံခဲ့ရပြီး ရွှေ၊ငွေနှင့် တန်ဘိုးကြီးပစ္စည်း ကျပ်သိန်း(၁၀၀)ဖိုးခန့်ပါ လုယက်ယူဆောင်သွားခြင်း ခံရကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ကိုယ်ဝန် ကိုးလ ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသမီးလေးဦးနှင့် အမျိုးသား၊ နေအိမ်အတွင်း ရှိနေသော မိသားစုဝင် ငါးဦးလုံး အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး အခြားအိမ်သို့ သွားအိပ်သူ တစ်ဦးသာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။

"တရားခံ မမိသေးဘူး။ ငွေသိန်းတစ်ရာလောက်လည်း ပါသွားတယ် ကြားတယ်။ ရွှေ၊ ငွေ၊ လက်ပ်တော့နဲ့ ပစ္စည်းတွေ ယူသွားတယ်။ သေဆုံးတာ ဓားနဲ့ခုတ် သေနတ်နဲ့ ပစ်ခတ် ဒဏ်ရာများတွေ တွေ့တယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

နိုဝင်ဘာ(၂၃)ရက် နံနက်(၃)နာရီခန့်က အသတ်ခံရခြင်း ဖြစ်ပြီး မည်သည့်အတွက် ထိုသို့ မိသားစုဝင်များ အားလုံးကို သတ်ဖြတ်သွားသည်ကိုမူ မသိရသေးဟု ဒေသခံများက ဆိုသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် ဒေသခံများကို ဆက်လက် ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီပဲယင်းမြို့နယ်အတွင်း အထက်ပါအတိုင်း မိသားစုလိုက် သတ်ဖြတ်ခံရမှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ဒီပဲယင်းဒေသရှိ လူမှုရေး အသင်းအဖွဲ့များ၏ အဆိုအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီပဲယင်းနယ်တွင် မိသားစုလိုက် အသတ်ခံရသည့် ဖြစ်စဉ် အနည်းဆုံး ငါးမှုရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၆)ရက်တွင် ဒီပဲယင်းမြို့နယ် ညောင်လှရွာနေ ဦးမောင်အေးနှင့် ဇနီး၊ အောက်တိုဘာ (၅)ရက်တွင် ဆင်ဝပ်ကုန်းရွာနေ ဦးခင်ဇော်နှင့် မတူးမိသားစု၊ အောက်တိုဘာ (၁၈)ရက်တွင် မကျည်းစောက်ရွာနေ ကိုထွန်းမင်းနိုင်နှင့် မမာလွင် မိသားစု၊ အောက်တိုဘာ(၂၆)ရက်တွင် စိုင်ပြင်ရွာနေ ကိုအောင်နိုင်စိုးနှင့် မစံပယ် မိသားစုတို့ အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ မိသားစုလိုက် လူသတ်မှုများတွင် အချို့သည် လူမှုရေးကိစ္စ အဆင်မပြေဖြစ်ရာမှ အငြိုးထားကာ ဥပဒေ စိုးမိုးမှု အားနည်းနေသည်ကို အခွင့်ကောင်းယူကာ သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဒေသခံအချို့က MFP သို့ ပြောသည်။

တချိန်တည်းမှာပင် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များနှင့် ပျူစောထီးများ၏ အန္တရာယ်ကိုလည်း စိုးရိမ်ကြောက်လန့် နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသော စစ်ကောင်စီ လက်နက်ကိုင်များသည် ဒီပဲယင်းမြိုကနယ် အပါအဝင် ကျေးရွာ၊ရပ်ကွက်များသို့ စီးနင်းဝင်ရောက် သောင်းကြမ်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တန်ဘိုးကြီးပစ္စည်းများ ခိုးဝှက်လုယက်ခြင်း၊ ဒေသခံအရပ်သား ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ လုပ်ဆောင်နေသည်။



ကိုယ်ဝန်ဆောင်မိခင် အပါအဝင် မိသားစုလိုက် အသတ်ခံရသူများ/ Photo – ပေးပို့


Mandalay Free Press - MFP

ဒီပဲယင်းနယ်၌ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် မိသားစုငါးဦး အသတ်ခံရပြီး ကျပ်သိန်း(၁၀၀)ခန့် လုယက်ခံရ ဒီပဲယင်းနယ်၌ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် မိသားစုငါးဦး အသတ်ခံရပြီး ကျပ်သိန်း(၁၀၀)ခန့် လုယက်ခံရ Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.