ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ


November 11,2021

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော ကျေးရွာအချို့ရှိ နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

"စစ်ရှောင်နေရတော့ လူတွေ မရှိကြဘူး။ အဲတော့ ဆေးသမားတွေက အခွင့်ကောင်းယူပြီး ခိုးကြတာ အိမ်တွေ ဖောက်ခံရတယ်။ ပြီးတော့ ဈေးဆိုင်တွေလည်း ဖောက်ခံရတယ်" ဟု မိုးတားလေး ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ ပြည်သူများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နိုဝင်ဘာလ ၆ ရက်နေ့ဝန်းကျင်ခန့်မှ မိမိ‌ရပ်ရွာတွင် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

သို့သော် နိုဝင်ဘာလ ၈ ရက်နေ့ စစ်ကောင်စီနှင့် PDF တိုက်ပွဲပြင်းထန်လာသည့်အတွက် မိုးတားလေးကျေးရွာအပြင် ရေနီကျေးရွာ၊ တုတ်ကြီး၊ ဝဲကြီးကျေးရွာများလည်း ထပ်မံတိမ်း‌ရှောင်နေရကြောင်း ဒေသခံတစ်ဦး က ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်၏ သင်္ဘော ၂ စီးသည် ကသာနယ်၊ မိုးတားလေးဘက်သို့ ဆန်တက်လာပြီး အဆိုပါ သင်္ဘောအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သည် မိုးတားကျေးရွာရှိ တားလေးကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် တပ်စွဲကာ နေထိုင်နေသေးကြောင်း သိရသည်။

အဆိုပါ သင်္ဘော ၂ စီးအနက် တစ်စီးသည် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းနိုင်ပြီး ကျန်တစ်စီးသည် ရိက္ခာအပြည့် တင်ဆောင်လာသည် သင်္ဘောဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ကသာနယ်တွင်းသို့ စစ်အင်အားများ ပိုမိုဖြည့်တင်းလာသည့်အပြင် တပ်သားများ ကျေးရွာအတွင်း တပ်စွဲနေထိုင်နေသေးသည့်အတွက် ဒေသခံများ မိမိနေရပ်ပြန်လည်နေထိုင်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ခုရွာထဲ ပြန်သွားနေရအောင်ကလည်း စစ်တပ်က ရှိနေသေးတော့ ရွာသားတွေက မပြန်ရဲကြဘူး။ မပြန်တော့လည်း ခုရွာထဲမှာက သူခိုးတွေက ပိုသောင်းကျန်းလာတယ် ကျနော်တို့တော်တော်ခက်ခဲလာပြီ" ဟု ဝဲကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့နယ်သည် နိုဝင်ဘာလ ၈ရက်နေ့မှ စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများခဲ့ကာ PDF မှလည်း ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်း သိရသည်။

ကသာမြို့သည် ဧရာဝတီမြစ်ကမ်းဘေးရှိသည့် မြို့ဖြစ်သည့်အလျောက် စစ်ကောင်စီတပ်သည် ‌ ရေကြောင်းဖြင့် စားနပ်ရိက္ခာများ၊ စစ်အင်အားများ တင်ဆောင်ရန်  အဓိက အသုံးပြုနေသည့်လမ်းကြောင်းဖြစ်သည်။


Kachin News Group

ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.