နတ်လမ်းမှ ရေလယ်ဘုရားသွားဖူးသူများအနက် ရေနစ်သေဆုံးသူဦးရေ (၂၀) အထိ ရှိလာ


သံဖြူဇရပ်၊ နိုဝင်ဘာ ၂၂

ကျိုက်နဲ ရေလယ်ဘုရားပွဲသို့ သွားရောက်စဉ် ပင်လယ်အတွင်းမျောပါသွားသူများကို ရှာဖွေနေရာ ရုပ်အလောင်း (၂၀)အထိ ရှိလာပြီဖြစ်ကြောင်း ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလောင် ကျေးရွာနှင့် အံခဲကျေးရွာအကြားရှိ ကျိုက်နဲ ဘုရားပွဲသို့ လာရောက်သူများသည် ရေတက်နေသည်ကို ဂရုမပြုဘဲ သွားလာခြင်းကြောင့် ယခုကဲ့သို့ ရေနှင့် မျာပါ ဆုံးပါးသွားကြခြင်းဖြစ်သည်ဟု လူမှုရေးအသင်းအဖွဲ့များက ပြောသည်။

“ရေကတတ်နေတာကြောင့် ခနစောင့်ဆိုင်းကြပါ။ ပြီးမှ ပြန်သွားကြပါလို့ ပြောပေမဲ့လည်း နားမထောင်ဘဲနဲ့ ရင်ဘတ်လောက်ရှိတဲ့ ရေကို ဖြတ်လို့ ဘုရားကို သွားတဲ့သူက သွား၊ ပြန်တဲ့သူကပြန်လုပ်ကြတာကနေ လှိုင်းပုတ်ဒဏ်ကြောင့် ဘေးလက်ရန်းကာထားတဲ့ ဝါးလုံးတေ ပြုတ်ထွက်ပြီးတော့ ရေနက်ရာဘက်ကို လွင့်စင်သွားပြီး နစ်ကုန်ကြတာ”ဟု ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

လက်ရှိရှာတွေ့ထားသည့် အလောင်းများမှာ အမျိုးသားအလောင်းများနှင့် အသက်(၉)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီးအလောင်းအများစုဖြစ်သည်။

“လောလောဆယ်တော့ နစ်မြုပ်ထားတဲ့သူတွေစာရင်းရထားတာက အားလုံးပေါင်း(၂၆)ဦးရှိတယ်။ အခုအလောင်း (၂၀)ရပြီဆိုတော့ ပျောက်ဆုံးစာရင်း (၆)ယောက်ရှိသေးတယ်။ ကျွန်တော်တို့ နောက်နေ့တွေ ထပ်ရှာရဦးမယ်”ဟု အဆိုပါ အသင်းတာဝန်ရှိသူက ပြောသည်။

အဆိုပါ ကျိုက်နဲ ရေလယ်ဘုရားသည် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့ မနက်၌ ပင်လယ်ရေကျပြီး ကမ်းခြေမှ အဆိုပါဘုရားသို့သွားသည့် ကျောက်သားလမ်း(ဒေသအခေါ် နတ်လမ်း) ပေါ်လာတက်သည်။

ယင်းလမ်းသည် ကမ်းခြေမှ ဘုရားသို့ (၂)နာရီနီးပါးကြာ  လမ်းလျှောက်ရပြီး တစ်မိုင် ခြောက်ဖာလုံခန့် အရှည်ရှိသည်။


Lu Nge Khit

နတ်လမ်းမှ ရေလယ်ဘုရားသွားဖူးသူများအနက် ရေနစ်သေဆုံးသူဦးရေ (၂၀) အထိ ရှိလာ နတ်လမ်းမှ ရေလယ်ဘုရားသွားဖူးသူများအနက် ရေနစ်သေဆုံးသူဦးရေ (၂၀) အထိ ရှိလာ Reviewed by THITHTOOLWIN on 00:20 Rating: 5

No comments:

Powered by Blogger.