ရခိုင်က စစ်ကောင်စီတပ်ရင်းတခုတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၊ တပ်ခွဲတပ်ကြပ်ကြီး တဦးသေဆုံး


ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၇၊ ၂၀၂၁။

ပြီးခဲ့သည့်နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းအတွင်း (ခမရ ၅၅၀) တွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၍ တပ်ခွဲတပ်ကြပ်ကြီးတဦး သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

သေဆုံးသွားသူမှာ စစ်မှုထမ်းသက်တမ်း ၃၆ နှစ်ရှိပြီဖြစ်သည့် တပ်ခွဲတပ်ကြပ်ကြီးအဆင့်ရှိ ဘစောချေ (ကိုယ်ပိုင်အမှတ် ၆၄၁၁၉၁) အသက်(၅၅) နှစ်ဖြစ်သည်။ 

ဘစောချေမှာ ၎င်းတပ်ရင်းမှ အသက် (၂၀) အရွယ် တပ်သားအဆင့်ရှိ ဇော်ရာဇာမင်းနှင့် အချင်းချင်းစကားများရာမှ ပစ်ခတ်မှုဖြစ်ပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်တဦးကပြောသည်။

“တန်းစီတဲ့အခါ  ဇော်ရာဇာမင်းက ခန္ဓာကိုယ်ကို စောင်းလို့စီနေတာကို ဘစောချေပြောတယ်။ အဲဒီမှာနှစ်ယောက်က အချင်းချင်းစကားများကြတယ်။ တန်စီးပြီးတော့ ဘစောချေက တောင်ထိပ်မှာလုံခြုံရေယူနေတဲ့အချိန် ဇော်ရာဇာမင်းက သေနတ်နဲ့ပစ်ခတ်လိုက်လို့ အဲဒီနေရာမှာဘဲ သေသွားတာ။ ဒဏ်ရာက ၅ ချက်နဲ့သေသွားတာ။” ဟု သေဆုံးသွားသူ၏ မိသားစုဝင်တဦးက ပြောသည်။ 

သေဆုံးသွားသည့် တပ်ခွဲတပ်ကြပ်ကြီး ဘစောချေ၏ ခန္ဓာကိုယ်၌ ရရှိသွားသည့် ဒဏ်ရာ ၅ ချက်မှာ ဘယ်ဘက်ဒူး တွင် ၁ ချက်၊ လည်ဖင်းတွင် ၂ ချက်၊ ဘယ်ဘက်ရင်အုံတွင် ၁ ချက်နှင့် ညာဘက်ဝမ်းဗိုက်တွင် ၁ ချက်ဖြစ်သည်။ 

အဆိုပါ ပစ်ခတ်သေဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။


မြေလတ်အသံ - Myaelatt Athan 

ရခိုင်က စစ်ကောင်စီတပ်ရင်းတခုတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၊ တပ်ခွဲတပ်ကြပ်ကြီး တဦးသေဆုံး ရခိုင်က စစ်ကောင်စီတပ်ရင်းတခုတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၊ တပ်ခွဲတပ်ကြပ်ကြီး တဦးသေဆုံး Reviewed by THITHTOOLWIN on 20:28 Rating: 5

No comments:

Powered by Blogger.