လှေခုတ်ရွာသား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးကို လူသားဒိုင်းလုပ်ပြီး လက်ပြန်ကြိုးတုတ်ကာ ခေါ်ဆောင်သွား




ရေစကြို၊ နိုဝင်ဘာ ၁၇၊ ၂၀၂၁။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ လှေခုတ်ရွာသား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးကို လက်ပြန်ကြိုးတုတ်ကာ လူသားဒိုင်းအဖြစ်ပြုလုပ်ပြီး၊ ရေယှားရွာဘက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနက် ၈ နာရီခွဲကတည်းက ရွာထဲဝင်ပြီး မွှေနှောက်သောင်းကြမ်းနေကြတာပါ။ လှေခုတ်ရွာသား ၁၀ ဦးကို စစ်သားတွေက ရေယှားရွာဘက်ကို လူသားဒိုင်းအဖြစ် အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတယ်။ စစ်သား ၁၅၀ ဝန်းကျင်နဲ့ ခေါ်ဆောင်သွားတာ၊ ရွာသားတွေလည်းဘာမှမတတ်နိုင်ကြပါဘူး။ ခုလည်းရွာထဲမှာမနေနိုင်ပါဘူး။ တောထဲမှာ ရှောင်နေရတာပါ။

အမျိုးသမီး ၂ယောက်နဲ့ အမျိုးသား ၈ ယောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ပြေးနေရတော့ဘယ်သူဘယ်ဝါ ပါသွားမှန်းမသိရပါဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ရေလယ်ကျွန်းဒေသအတွင်းက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေဝင်ရောက် သောင်းကြမ်းနေပြီး၊ ပျူစောထီး သတင်းပေးဒလန်တွေက အဲဒီဒေသအတွင်းက လူငယ်တွေကို PDF လို့ ပြောဆိုထားကာ အမည်၊ အဖအမည်၊ နေရပ်လိပ်စာတွေကို ပေးပို့ခဲ့လို့ အခုလို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

"နံနက်ပိုင်းကတည်းက စစ်သားတွေက မင်းရွာ၊ ကျွန်းညိုရွာ၊ နွယ်နီရွာ၊ ညောင်ပင်ရွာ၊ ဝါးဘိုးရွာ၊ လှေခုတ်ရွာ၊ ထန်းတောရွာနဲ့ ဆင်ချောင်းရွာတွေကို စစ်ဆေးရှာဖွေတာတွေ လုပ်နေတယ်။  ပျူဒလန်တွေရဲ့ မဟုတ်မမှန် လုပ်ကြံသတင်းပေးလို့ ဒီဒေသက ခေတ်ပညာတတ်လူငယ်တွေ တိမ်းရှောင် နေရပြီး ရွာသူရွာသားတွေလည်း ဒုက္ခရောက်နေကြတယ်။ ရေယှားရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ရေလယ်ကျွန်းဒေသကို ဒီကနေ့မနက်ပိုင်းကစတင်ပြီး စစ်အင်အား ၁၅၀ ခန့်နဲ့ဝင်ရောက်လာပြီး ထိုးစစ်ဆင်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်၊ ထော်လာဂျီ ဆိုင်ကယ်နဲ့ စက်ဘီးတွေကို စီးနင်းပြီး သွားလာခြင်းမပြုလုပ်ကြဖို့ ဒေသတွင်း လှုပ်ရှားနေတဲ့ YLK ပျောက်ကျားတပ်ဖွဲ့၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့နဲ့  K.N.T ပြောက်ကျားတပ်ဖွဲ့တွေက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

လှေခုတ်ရွာသား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးကို လူသားဒိုင်းလုပ်ပြီး လက်ပြန်ကြိုးတုတ်ကာ ခေါ်ဆောင်သွား လှေခုတ်ရွာသား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးကို လူသားဒိုင်းလုပ်ပြီး လက်ပြန်ကြိုးတုတ်ကာ ခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.