ရုရှားရဲ့ ဂြိုဟ်တုဖျက် ဒုံးကျည် စမ်းသပ်မှုကို ဝေဖန်ရှုတ်ချနေကြ

ဒုံးပျံတွေ၊ ဂြိုတ်တုအ‌‌ဟောင်း တွေရဲ့ အပိုင်းအစတွေ တော်တော်နီးနီးအထိ လွ့င်စင်လာတဲ့အခါ အာကာသယာဥ်မှူးတွေ ကြိုရှောင်ကြရတဲ့ အဖြစ်မျိုးတွေ အဖြစ်များလာ

ရုရှားရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ အန္တရာယ်ရှိပြီး တာဝန်မဲ့တဲ့လုပ်ရပ်ဖြစ်သလို နိုင်ငံတကာ အာကာသစခန်း (ISS) ကလူတွေကိုလည်း အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အမေရိကန်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီ စမ်းသပ်ပစ်ခတ်မှုက ရုရှားပိုင် ဂြိုဟ်တုတစ်စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး အပျက်အစီးအပိုင်းအစတွေကြောင့် နိုင်ငံတကာ အာကာသစခန်းက အာကာသယာဥ်မှူးတွေ အာကာသယာဥ်ထဲက အကာအကွယ်တွေထဲမှာ ဝင်ရှောင်နေခဲ့ကြရပါတယ်။

လက်ရှိမှာ နိုင်ငံတကာအာကာသစခန်းပေါ်မှာ အမေရိကန် ၄ ဦး၊ ဂျာမန် ၁ ဦးနဲ့ ရုရှား ၂ ဦး လက်ရှိ ရှိနေတာပါ။

နိုင်ငံတကာ အာကာသစခန်းဟာ မြေပြင်က အမြင့် ၂၆၀ မိုင်မှာ အကွာအဝေးမှာ တည်ရှိပါတယ်။

"ဒီနေ့အစောပိုင်းမှာ ရုရှားက ဂြိုဟ်တုဖျက် ဒုံးကျည်တစ်စင်းကို သူတို့ ပိုင်တဲ့ ဂြိုဟ်တုတစ်စင်းကို မဆင်မခြင် ပစ်ခတ်ဖျက်ဆီး စမ်းသပ်ခဲ့တယ်"လို့ အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

"ဒီစမ်းသပ်မှုကြောင့် အာကာသထဲကို အပိုင်းအစ ၁၅၀၀ လောက် လွင့်စင်ထွက်ကုန်ပါတယ်။ ပြီးတော့ အပိုင်းအစ အသေးလေးတွေ သိန်းနဲ့ ချီလွင့်ထွက်ခဲ့အတွက် နိုင်ငံအားလုံး ပူပန်စရာဖြစ်ကုန်ပါတယ်။"

နာဆာ အုပ်ချုပ်ရေးမှူးဘေလ် နယ်လ်ဆင်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါသအကြီးအကျယ် ထွက်နေပါတယ်။

"လူတွေလိုက်ပါတဲ့ အာကာသယာဥ်သမိုင်း အရဆိုရင် ဒီကိစ္စဟာ လုပ်ဖို့ မပြောနဲ့ စဥ်းစားဖို့ကို မသင့်တဲ့ကိစ္စပါ။ ရုရှားဘက်ကလုပ်လိုက်တဲ့ ဒီလုပ်ရပ်ကြောင့် အမေရိကန်နဲ့ နိုင်ငံတကာအာကာသစခန်းမှာရှိတဲ့ အခြားနိုင်ငံက အာကာသယာဥ်မှူးတွေကိုတင် ထိခိုက်ယုံတင်မက သူတို့ရဲ့ အာကာသယာဥ်မှူးတွေ၊ တရုတ်အာကာသစခန်းပေါ်မှာရှိတဲ့ အာကာသယာဥ်မှူးတွေကိုပါ ထိခိုက်စေမှာပါ " လို့ ကြေညာချက် တစ်စောင်ထဲမှာ ပြောခဲ့ပါတယ်။

ရုရှားအာကာသ အေဂျင်စီ Roscosmos ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်အရေးမကြီးသလို ခပ်ဖော့ဖော့ပဲပြောပါတယ်။

"အဲဒီ ဖျက်ဆီးခဲ့တဲ့အရာကို နိုင်ငံတကာ အာကာသစခန်းရဲ့ လမ်းကြောင်းကနေ ရွှေ့ထားခဲ့ပါတယ် ။ နိုင်ငံတကာအာကာသစခန်းမှာလည်း ဘာမှအန္တရာယ်မရှိပါဘူး"လို့ တွစ်တာမှာ ရေးထားပါတယ်။

အပျက်အစီးအပိုင်းအစတွေ လာမှန်တာ မရှိသေးပေမဲ့ အဲဒါတွေ စထွက်လာတဲ့အရာကိုတော့ စောင့်ကြည့်နေကြရပါတယ်။

အဲဒီ အပိုင်းအစတွေက ရုရှားဂြိုဟ်တု ကော့စ်မို့စ်-၁၄၀၈ ကနေ ထွက်လာပုံ ရပါတယ်။

အဲ့ဒီ ထောက်လှမ်းရေးဂြိုဟ်တုကို ၁၉၈၂ ခုနှစ်တုန်း လွှတ်တင်ထားခဲ့တာဖြစ်ပြီး အလေးချိန် တစ်တန်ကျော်လေးပါတယ်။ ဒါပေမဲ့ အဲဒါဟာ လွန်ခဲ့တဲ့ နှစ်တွေ အတော်အကြာကတည်းက အသုံးမပြုတော့တဲ့ ဂြိုဟ်တု ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အာကာသထဲက အပိုင်းအစတွေကို ရေဒါနဲ့စောင့်ကြည့်နေတဲ့ နယူးဇီလန်က LeoLabs ကုမ္ပဏီက အာကာသထဲမှာ အကြာကြီးရှိနေတဲ့ အပိုင်းအစ အမျိုးမျိုးကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး အန္တရာယ်များပြီး တာဝန်မဲ့တဲ့ လုပ်ရပ်လို့ မစ္စတာ ပရိုက်စ်က ပြောပြီး ဒါက ရုရှားရဲ့ အာကာသ လက်နက် ဆန့်ကျင်ရေး ပြောဆိုနေမှုဟာ မရိုးမသား အပြောတစ်မျိုးအလုပ်တစ်မျိုး ဆိုတာ ပြနေတာပဲလို့ ပြောပါတယ်။

"အမေရိကန်က လုပ်ဖော်ကိုင်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ရုရှားရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကို တုံ့ပြန်သွားမယ်"လို့ လည်း သူက ဆိုပါတယ်။

ပြီးတော့ ရုရှားရဲ့ အခုစမ်းသပ်မှုဟာ အာကာသပတ်ဝန်းကျင်ရဲ့ ‌ရေရှည် လုံခြုံရေးကို လုံးဝ ထိခိုက်စေတာ သေချာတယ်လို့ ယူကေကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကလည်း ထောက်ပြပါတယ်။

"ဒီစမ်းသပ်မှုကနေ ထွက်လာတဲ့ အပိုင်းအစတွေက ဂြိုဟ်ပတ်လမ်းက ဂြိုဟ်တုတွေကို ထိခိုက်စေပြီး လူတွေပါတဲ့ အာကာယာဥ်တွေအတွက်လဲ နှစ်ပေါင်းများစွာ အန္တရာယ်တွေ ဖြစ်စေနိုင်တယ် "လို့ သူက ထပ်ဖြည့်ပြောပါတယ်။

ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်တဲ့ကိစ္စကို ရူးသွပ်တဲ့လုပ်ရပ်လို့ မြင်တတ်ကြတာ မဆန်းပါဘူး။ ဘာကြောင့် လဲဆိုတော့ အဲ့ဒီစမ်းသပ်မှုက ထွက်လာတဲ့ အပိုင်းအစတွေ အများကြီးက ထိန်းချုပ်ဖို့မလွယ်လို့ပါ။

အဲ့ဒီကထွက်လာတဲ့ အပိုင်းအစတချို့က ကမ္ဘာမြေပြင်ပေါ်ကို ကျလာနိုင်တာက ဘာမှ အန္တရာယ်မရှိနိုင်ဘူးလို့ဆိုပေမယ့် အပိုင်းအစအများစုက အမြင့်ပိုင်းမှာဆက်ရှိနေပြီး စမ်းသပ်မှုတွေ ဆက်လုပ်နေတဲ့ နိုင်ငံတွေရဲ့ အနာဂတ် အာကာသလုပ်ငန်းလည်ပတ်မှုတွေကိုပါ အနှောင့်အယှက် ပေးလာပါလိမ့်မယ်။

ဒီစမ်းသပ်မှုက ရုရှား အာကာသယာဥ်မှူးတွေလည်း ထိခိုက်မှု အန္တရာယ်တွေရှိလာနိုင်တာကြောင့် ရုရှား ဆိုရုအာကာသယာဥ်ထဲကို တနင်္လာနေ့အစောပိုင်းတုန်းက သွားပြောင်းနေကြရပါတယ်။

အာကာသထဲမှာ မျောနေတဲ့ တိုလီမုတ်စ အမှိုက်တွေက အခြေအနေ မြန်မြန်ဆန်ဆန် ပိုဆိုးလာနေပါတယ်။

အာကာသထဲက ၆၄ နှစ်ကြာ အပြိုင်အဆိုင် လုပ်ဆောင်မှုတွေကြောင့် ၁ စင်တီမီတာကနေ ၁၀ စင်တီမီတာ အရွယ်ရှိတဲ့ သန်းချီတဲ့ အပိုင်းအစတွေ အာကာသထဲမှာ မထိန်းချုပ်နိုင်တော့ဘဲ မျောနေပါတယ်။

အဲ့ဒီအပိုင်းအစတွေကြောင့် အရေးကြီးတဲ့ မိုးလေဝသ ခန့်မှန်းတဲ့ စီမံကိန်းတွေ ရပ်သွားနိုင်သလို ဆက်သွယ်ရေး ဂြိုဟ်တု စီမံကိန်းတွေလည်း ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ အာကာသပတ်ဝန်းကျင် သန့်ရှင်းအောင် ထိန်းသိမ်းဖို့ လိုအပ်သလို နောက်ထပ် ညစ်ညမ်းမှုတွေ မဖြစ်အောင်လည်း ကာကွယ်ဖို့လိုပါတယ်။

အမေရိကန် ၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့အပါအဝင် နိုင်ငံတော်တော်များများဟာ မြေပြင်ကနေ ကောင်းကင်ကို ဂြိုဟ်တုလွှင့်တင်နိုင်တဲ့ စွမ်းရည် ရှိကြပါတယ်။

ဒါပေမယ့် အခုလိုမျိုး ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုမျိုးကတော့ ရှားပါး ပါတယ်။ ဒီလိုမျိုး လုပ်လာရင်လည်း အာကာသ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်စေတာကြောင့် လုပ်တဲ့သူကို အမြဲတမ်း အပြစ်တင်ရှုတ်ချတာတွေ လုပ်ကြပါတယ်။

၂၀၀၇ တုန်းက တရုတ်က သူတို့ရဲ့ မိုးလေဝသ ဂြိုဟ်တုဟောင်းတစ်စင်းကို ဖျက်ဆီးခဲ့လို့ အာကာသထဲကို အပိုင်းအစ ၂၀၀၀ ကျော် လွင့်ထွက်ကုန်ပါတယ်။

အဲ့ဒီအပိုင်းအစတွေက တရုတ်နိုင်ငံကို တင်မက လက်ရှိလုပ်နေတဲ့ အာကာသစီမံကိန်းတွေကို အန္တရာယ်ပြု အနှောင့်အယှက်ပေးနေဆဲ ဖြစ်ပါတယ်။

ရုရှားက လုပ်တာသာ သေချာရင် အခု လုပ်ရပ်ဟာ နိုင်ငံတကာအာကာသစခန်းကို အန္တရာယ်ပေးတာဖြစ်သလို တာဝန်မဲ့တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အာကာသအခြေအနေ စူးမ်းလေ့လာရေး ကျွမ်းကျင်ပညာရှင် ဘရိုင်ယန်ဝီဒန်ကလည်း အစောပိုင်းတုန်းက ပြောထားပါတယ်။

ဒီအာကာသစခန်းက ကမ္ဘာပတ်လမ်းကို စိုးမိုးထားတဲ့အတွက် အခြားအာကာသ စီမံကိန်းလုပ်ဆောင်သူတွေက အသုံးပြုဆဲနဲ့ ပစ္စည်းဟောင်းတွေကို ရှင်းလင်းရေးတွေ လုပ်ပေးထားရပါတယ်။

ဒါပေမဲ့ ဒုံးပျံတွေ၊ ဂြိုတ်တုအ‌‌ဟောင်း တွေရဲ့ အပိုင်းအစတွေ တော်တော်နီးနီးအထိ လွ့င်စင်လာတဲ့အခါ အာကာသယာဥ်မှူးတွေ ကြိုရှောင်ကြရတဲ့ အဖြစ်မျိုးတွေ အဖြစ်များလာနေပါတယ်။

ပြီးတော့ အပိုင်းအစတွေလွင့်လာတဲ့ အရှိန်အဟုန်တွေကလည်း အာကာသယာဥ် နံရံတွေကို ပေါက်ထွက်တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ 

BBC Burmese


ရုရှားရဲ့ ဂြိုဟ်တုဖျက် ဒုံးကျည် စမ်းသပ်မှုကို ဝေဖန်ရှုတ်ချနေကြ ရုရှားရဲ့ ဂြိုဟ်တုဖျက် ဒုံးကျည် စမ်းသပ်မှုကို ဝေဖန်ရှုတ်ချနေကြ Reviewed by THITHTOOLWIN on 09:12 Rating: 5

No comments:

Powered by Blogger.