ရေဦးအနောက်ရွာတွေထဲ စစ်ကောင်စီပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ


ရေဦးမြို့နယ်ထဲက ချောင်းနားကျေးရွာမှာ နေအိမ်တလုံးမီးရှို့ခံရပြီး နောက်ထပ်နေအိမ်အချို့လည်း ရှာဖွေခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေဦးမြို့နယ်ထဲက ချောင်းနားကျေးရွာမှာ နေအိမ်တလုံးမီးရှို့ခံရပြီး နောက်ထပ်နေအိမ်အချို့လည်း ရှာဖွေခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွာတွေကို ဒီနေ့ နိုဝင်ဘာလ ၁၆ ရက် မနက် ၁၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီဘက်က ဝင်ရောက်ပြီး ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။

စစ်ကောင်စီတပ်တွေက မနက်အစောပိုင်းမှာ မကျီးနီရွာတောင်ပိုင်းကနေ စတင်ဝင်ရောက်လာပြီး နေအိမ်တွေကို ရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဝမ်းပြည့်ရွာထဲကို ဆက်ဝင်လာပြီး လူတစ်ဦးအဖမ်းခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဝမ်းပြည့်ရွာထဲရောက်တော့ ဘုန်းကြီးကျောင်းထဲတပ်စွဲကြတယ်။ ပြီးတော့ ကျောင်းအပေါ်ထပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်တော့တာပဲ။ တင်းတိမ်ရံရွာထဲကိုပစ်တာ၊ နောက်ရွာထဲကို ဝင်လာတယ်။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တာ၊ တင်းတိမ်ရံဈေးအလယ်ရယ်၊ ကျွဲကုန်းဘုန်းကြီးကျောင်းရယ်၊ လက်နက်ကြီး ကျတယ်။ နွားတစ်ကောင်လည်း လက်နက်ကြီးစမှန်သေပြီတဲ့။ ကျွန်တော်တို့လည်း ထွက်ပြေး လာရတယ်၊ သေနတ်သံတွေခဏတိတ်ပြီးမကြာဘူး။ အခုနေ့လည် ၂ နာရီဝန်းကျင်မှာ ရွာကို မီးရှို့နေပြီဗျာ၊ ရွာထဲက မီးခိုးလုံးတွေကို မြင်နေရတယ်။"လို့ တင်းတိမ်ရံရွာခံတဦးက ဘီဘီစီကို ပြောပါတယ်။

တင်းတိမ်ရံရွာဟာ ရွာကြီးဖြစ်ပြီး တင်းတိမ်ရံရွာမနဲ့ တင်းတိမ်ရံဈေးဆိုပြီး နှစ်ရွာစုပေါင်းထားတာဖြစ် ပါတယ်။

ဒီတင်းတိမ်ရံရွာအတွင်းပစ်ခတ်မှုမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုရှိတယ်လို့ သတင်းတွေထွက်ပေါ်ပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုလို ရေဦးက ရွာတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တဲ့ဖြစ်စဉ်တွေဟာ နိုဝင်ဘာ ၁၄ ရက် ကတည်းက စတင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်က ဒီပဲယင်းမြို့နယ်ဘက်ကနေ ရေဦးမြို့နယ်အနောက်ဘက်က ထောက်ကြန့်၊ ဇီးကုန်းစတဲ့ရွာတွေကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာခဲ့ပြီး ညောင်လယ်ရွာ အရောက်မှာတော့ ဒေသကာကွယ်ရေးတွေနဲ့ နှစ်ဖက်ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ပေမယ့် ဒေသခံတပ်တွေဘက်ကတော့ ထိခိုက်မှု မရှိဘူးလို့သိရတဲ့အကြောင်း ရွာခံတွေကပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ရွာအိုင်းရွာကိုရောက်လာခဲ့ပြီး နေအိမ် ၃ လုံးမီးရှို့ခဲ့သလို ချောင်းနားရွာ က နေအိမ်တလုံးကိုပါ မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တဆက်တည်းမှာပဲ ရွာတစ်ရွာကိုလည်း ဝင်ရောက်ခဲ့ပြီး ညောင်စောက်ရွာမှာ ညအိပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

BBC Burmese 

ရေဦးအနောက်ရွာတွေထဲ စစ်ကောင်စီပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ ရေဦးအနောက်ရွာတွေထဲ စစ်ကောင်စီပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.