ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိနေရာ စစ်ကောင်စီက တပ်စွဲပြီး လူငယ်တစ်ဦးကို ဖမ်းဆီးထား


သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာ (၁၅)ရက်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့သည် ရွာထဲတပ်ဝင်စွဲထားပြီး လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ 

ထို ကောင်ဝှက်ကျေးရွာသည် စစ်ရှောင်များရှိသည့်ကျေးရွာဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ (၁၄)တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာထဲသို့ လာရောက်တပ်စွဲထားပြီး လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားသောကြောင့် ရွာတွင်းရှိ ဒေသခံများနှင့်စစ်ရှောင်များ ထပ်မံ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း သိရသည်။ 

“အရင်ရက်တွေက သူတို့ အဲရွာရဲ့ တောင်ထိပ်ပိုင်းတွေမှာ နေနေတာ။ မနေ့ကမှ ရွာထဲတပ်စွဲထားတယ်။ ရွာထဲက လူတွေလည်း ထွက်ပြေးကုန်ကြပြီ။ တစ်ချို့ မထွက်ပြေးနိုင်တဲ့သူလည်းရှိတယ်။ ပြီးတော့ ရွာထဲက လူငယ်တစ်ယောက်ကိုလည်း ဖမ်းဆီးထားတယ်” ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိမှာ စစ်ရှောင်များနှင့် ကျေးရွာခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသည့်သူများ ထိုကျေးရွာတွင် ကျန်ရှိနေသေးကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“အဲရွာက စစ်ရှောင်တွေလာနေတဲ့ရွာဖြစ်တယ်။ အခုတော့ စစ်ရှောင်ကော ရွာကလူကော ထပ်ပြေးရတယ်။ ရွာထဲမှာက သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ တစ်ချို့တော့ ကျန်နေသေးတယ်။ အကုန်မထွက်လာနိုင်သေးဘူး” ဟု ဖယ်ခုံမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ယခုအချိန်ကာလသည် စပါးများ ရိတ်သိမ်းရမည့်အချိန် ဖြစ်သော်လည်း ဒေသခံများ စစ်ရှောင်နေရသဖြင့် နောင်လာမည့်နှစ်တွင် စားဝတ်နေရေးအတွက် ခက်ခဲမှုများ ရှိလာနိုင်ကြောင်း သိရသည်။ 

“အခုက ရွာသားတွေ စပါးရိတ်သိမ်းတဲ့ချိန်ပဲလေ။ အချိန်ကျော်သွားရင်လည်း မရဘူး။ အခုက သူတို့ စပါးမရိတ်သိမ်းရဘဲနဲ့ ထွက်ပြေးနေကြရတယ်။ နောင်နှစ်တွေအတွက်တော့ စားဝတ်နေရေးက ပိုခက်ခဲလာနိုင်တယ်” ဟု ဖယ်ခုံမြို့ နယ် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လွန်ခဲ့သည့် နိုဝင်ဘာ (၈)ရက်နေ့ကလည်း ဖယ်ခုံမြို့ ဒေသခံ (၆)ဦးကို PDF ဝတ်စုံဝတ်ခိုင်းပြီး ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့အပြင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဒေသခံ (၂၀)ဦးကိုလည်း ယနေ့ထိတိုင် ပြန်လွှတ်လာပေးခြင်းမရှိသေးပေ။

SHAN News (Burmese Version)

ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိနေရာ စစ်ကောင်စီက တပ်စွဲပြီး လူငယ်တစ်ဦးကို ဖမ်းဆီးထား ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိနေရာ စစ်ကောင်စီက တပ်စွဲပြီး လူငယ်တစ်ဦးကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 17:38 Rating: 5

No comments:

Powered by Blogger.