အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာထောင်ဒဏ်၁၁ နှစ် ချမှတ်ခံရပြီးနောက် ၃ ရက် အကြာမှာ ပြန်လွတ်


အင်းစိန်ထောင်အထူးတရားရုံးက ပြီးခဲ့တဲ့ သောကြာနေ့ကမှ ထောင် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက်ဒန်နီဖန်စတာဟာ ဒီကနေ့နိုဝင်ဘာ ၁၅ရက် တနင်္လာနေ့မှာ ပြန်လွတ်လာပါပြီ။ ဒန်နီဖန်စတာဟာ အင်းစိန်ထောင်မှာ ၅လကျော်ထိန်းသိမ်းခံရပြီး အမှုတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဖရွန်းတီးယားမြန်မာ သတင်းဌာန သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို ကျခံနေရတဲ့ထောင်ဒဏ် အပါအဝင်ရင်ဆိုင်နေရတဲ့အမှုတွေကို ရုတ်သိမ်းပြီးဒီကနေ့မှာ ပြန်လွှတ်ပေးတဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။

‘’သူ့ကိုပြည်နှင်ဒဏ်ပေးလိုက်တယ်။ ဘာကြောင့်လွှတ်ပေးတယ်ဆိုတာ ကျွန်တော်တို့အသေးစိတ်ထုတ်ပြန်ပါ့မယ်’’ လို့ သူကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာသံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန် ရဲ့ နိုဝင်ဘာ ၁ ရက် နေပြည်တော် ခရီးစဉ်အပြီးမှာ ဖန်စတာကို အလျင်အမြန် အမိန့်ချပြီး အခုလိုပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ရစ်ချတ်ဆင်နဲ့ ဖန်စတာဟာ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကိုအတူရောက်နေပြီး ဒန်နီဖန်စတာကို ပြန်ခေါ်သွားခဲ့တာပါ။

ဒန်နီဖန်စတာကို စွဲဆိုထားတဲ့အမှုတွေထဲက မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်၊ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်သုံးနှစ်၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ ထောင်ဒဏ် ငါးနှစ်ရော ဒဏ်ငွေ ၁ သိန်း တို့ကို နိုဝင်ဘာ ၁၂ ရက် က ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်ထောင်အထူးတရားရုံးမှာ စုစုပေါင်း ထောင် ၁၁ နှစ် ချမှတ်ခဲ့တာပါ။ ထောင် ၁၁ နှစ်ချခံရတဲ့ ဒန်နီဖန်စတာဟာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ နဲ့ ပုဒ်မ ၁၂၄ (က) တို့ကိုလည်း ဆက်လက်ရင်ဆိုင်နေရချိန်မှာ အခုလိုလွတ်မြောက်တာဖြစ်ပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ပုဒ်မတွေအားလုံးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လိုင်စင်ရုပ်သိမ်းခံထားရတဲ့ မီဒီယာ (မြန်မာနောင်းသတင်းဌာန) တစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့တယ်ဆိုတဲ့အချက်အပေါ် အခြေပြုပြီး စစ်ကောင်စီက စွပ်စွဲကာ ပုဒ်မတွေတပ်ခဲ့တာဖြစ်တယ်လို့ ဖရွန်းတီးယားမြန်မာကပြီးခဲ့တဲ့ရက်ကထုတ်ပြန်ချက်မှာဖော်ပြခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ် ဒန်နီဖန်စတာဟာ ပြီးခဲ့တဲ့ မေလက မိသားစုနဲ့ တွေ့ဆုံဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ပြန်လည်ထွက်ခွာဖို့ ရန်ကုန်လေဆိပ်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

BBC Burmese 

အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာထောင်ဒဏ်၁၁ နှစ် ချမှတ်ခံရပြီးနောက် ၃ ရက် အကြာမှာ ပြန်လွတ် အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာထောင်ဒဏ်၁၁ နှစ် ချမှတ်ခံရပြီးနောက် ၃ ရက် အကြာမှာ ပြန်လွတ် Reviewed by THITHTOOLWIN on 17:16 Rating: 5

No comments:

Powered by Blogger.