ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံး မီးရှို့ခံရ


ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃ လုံးကို ယမန်နေ့ ညနေ ၄ နာရီအချိန်မှာ စစ်ကောင်စီတပ်မှ မီးရှို့ခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

“မနေ့ညက လောင်တဲ့ဟာက ရှို့မီးဆိုတာသေချာတယ်

မီးလောင်တဲ့အထဲ ပါသွားခဲ့တဲ့အိမ်ထဲမှာ စစ်သား ရှိနေတာကို တွေ့ရတယ်တဲ့ ရွာသားတစ်ယောက်ကပြောပြတယ်။ သူတို့ ထမင်းဟင်းစားသောက်ပြီး မီးရှို့သွားတာဖြစ်မယ်” လို့ ကျေးရွာဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောပါတယ်။

ယမန်နေ့ နေ့ခင်းပိုင်းမှာ ဒီးမော့ဆို ၆မိုင်ကျေးရွာလမ်းမကြီးတစ်လျှောက် စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာ ဒေါခလိုက်လင်းကျေးရွာက ဒေသခံနေအိမ် ၃လုံး မီးရှို့ဖျက်ဆီးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ ဒေါခလိုက်လင်းကျေးရွာက ၆မိုင်ကျေးရွာအကျော် ဒီးမော့ဆိုသွားတဲ့ လမ်းမကြီးဘေးမှာ တည်ရှိတာဖြစ်ပါတယ်။

လယ်ထဲမှာစပါးရိတ်သိမ်းနေစဉ် ရွာထဲမီးလောင်တာကိုတွေ့ရှိခဲ့ပြီး စစ်သားတွေ ရွာထဲရှိနေတဲ့အတွက် သွားမကြည့်ရဲတာကြောင့် ဒီမနက်ပိုင်းမှသာ ပြန်ကြည့်တဲ့အခါ မီးရှို့ခံရတဲ့အထဲ အိမ်ပါသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အခုလို အိမ်ပါသွားတော့ စိတ်မကောင်းဖြစ်မိတယ် အရမ်းဝမ်းနည်းပေမယ့် မတတ်နိုင်တော့ဘူးလေ။ တောထဲစစ်ဘေးရှောင်နေရတဲ့ မိဘကိုပဲစိတ်ပူမိတယ် သူတို့သိသွားရင် စိတ်မခိုင်မှာပဲ အရမ်းစိုးရိမ်မိတယ် ကျန်းမာရေးလည်းမကောင်းကြဘူး မိဘတွေက” လို့ နေအိမ်မီးရှို့ခံရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျေးရွာအနီးတစ်ဝိုက်မှာတပ်စွဲထားတာရှိနေပြီး ရံဖန်ရံခါ ပြည်သူတွေရဲ့အိမ်ထဲဝင်ရောက် ချက်ပြုတ်စားသောက်တာတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာလည်း ကျေးရွာထဲ လက်နက်ကြီးအချို့ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

Kantarawaddy Times 



ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံး မီးရှို့ခံရ ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံး မီးရှို့ခံရ Reviewed by THITHTOOLWIN on 17:34 Rating: 5

No comments:

Powered by Blogger.