နှာခေါင်းစည်းတပ်သူတွေကို အရေးယူဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စည်းကမ်းထုတ်


မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ရှိနေသေးပေမယ့် ရန်ကုန်အပါအဝင် နယ်မြို့တချို့မှာ နှာခေါင်းစည်းတွေ မတပ်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ အပတ်လောက်ကစပြီး လိုက်လံကြေညာနေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဆိုင်ကယ်မစီးဖို့၊ နေကာမျက်မှန်မတပ်ဖို့၊ နှာခေါင်းစည်းမတပ်ဖို့ စတာတွေကို အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့တယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ တောင်ဥက္ကလာမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

"သူတို့ကြေညာတာပေါ့နော်။ ရပ်ကွက်ထဲမှာ ဆိုင်ကယ်မစီးရဘူး။ စီးရင်လည်း ဦးထုတ်မဆောင်းရဘူး။ Mask မတပ်ရဘူး။ မျက်မှန်မတပ်ရဘူး။ အင်္ကျီအမဲ မဝတ်ရဘူးပေါ့နော်။ အဲဒီလိုကြေညာတယ်။ သူတို့ကို တစ်ခုခုလုပ်ရင် မျက်နှာမမှတ်မိမှာစိုးလို့ ဖြစ်မယ်ထင်တယ်"

နှာခေါင်းစည်းတပ်ထားတာတွေ့ရင် ဒဏ်ငွေ ငါးထောင် ပေးရမယ်ဆိုပြီး ကြေညာချက်မှာ ပါရှိတယ်လို့လည်း ပြောပါတယ်။

နှာခေါင်းစည်းတပ်သူတွေကို အဲဒီလို ဒဏ်ကြေးတပ်ဖို့ ကြေညာတာအပြင် စစ်ကောင်စီတပ်သားတွေက ကိုယ်ထိလက်ရောက် ပါးရိုက်တာတွေကိုလည်း သင်္ဃန်းကျွန်း၊ စမ်းချောင်းနဲ့ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် တွေမှာ ကြုံခဲ့ကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အင်္ကျီအမဲရောင်ဝတ်ထားတာ၊ လျှာထိုး ဦးထုပ်ဆောင်းပြီး နှာခေါင်းစည်းတပ်ထားတဲ့ လူငယ်တွေကို အဓိကထား စစ်ဆေးပြီး ရိုက်နှက်တာတွေ ရှိနေတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက RFA ကိုပြောပါတယ်။

အလားတူ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေက မြို့တွေမှာလည်း ဆိုင်ကယ်ကို အမျိုးသား နှစ်ယောက် ဒါမှမဟုတ် အမျိုးသားက နောက်မှာထိုင်ပြီး မစီးရဆိုတဲ့ ကန့်သတ်ချက်တွေနဲ့အတူ မျက်နှာကို ကွယ်စေတဲ့ နှာခေါင်းစည်း မတပ်ရဘူးဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့က လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးထားကြရသေးတာကြောင့် ရောဂါပိုးကူးစက်ခံရမှာကို ကြောက်တာထက် စစ်ကောင်စီ တပ်တွေကို ပိုကြောက်ရတဲ့အတွက် အပြင်သွားရင် နှာခေါင်းစည်း Mask မတပ်ရဲဘူးလို့ ပြောပါတယ်။

"မြို့ထဲမှာ လုံခြုံရေးတွေနဲ့ ထွေအုပ်က ကားနဲ့ ရပ်ကွက်တိုင်း၊ လမ်းတိုင်း လိုက်အော်တယ်။ ဘာကြောင့်လဲ လို့တော့ မပါဘူး။ ဆိုင်ကယ် နှစ်ယောက် မစီးရဘူး။ mask မတပ်ရဘူး။ ဆိုင်ကယ်ဦးထုတ်မှန်လည်း မချရဘူး။ အကြောင်းပြချက် မပါဘူး။ ကျန်းမာရေးအရ လုံခြုံမှု မရှိဘူးပေါ့ဗျာ။ mask မတပ်ဘဲနဲ့ပဲ သွားလိုက်ရတယ်။ နှစ်ခုလုံးကို ကြောက်ရတယ်။ ရောဂါအကူးခံရမှာလည်း ကြောက်တယ်။ mask တပ်သွားရင် အရေးယူခံရမှာ၊ စစ်ဆေးမေးမြန်းခံရမှာ၊ ရိုက်နှက်ခံရမှာ ကြောက်တယ်။ ကိုဗစ်လှိုင်း တုန်းကလည်း လုံးဝအပြင်မထွက်တာတို့၊ Mask ကို သေချာတပ်ခဲ့တာတို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ သူတို့က အခုလို အကြမ်းဖက်လာတော့ သူတို့ကို ပိုကြောက်တာပေါ့။ အဲဒီတော့ Mask မတပ်ဘဲ သွားရတယ်"

သတင်းမီဒီယာတွေကို ပြန်ဖြေပေးနေတဲ့ စစ်ကောင်စီရဲ့ Viber Group မှာတော့ အခုလို နှာခေါင်းစည်း မတပ်ခိုင်းဘူး ဆိုတဲ့သတင်းက မမှန်ကန်ဘူးလို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ပြန်ဖြေထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လကစပြီး ကိုဗစ်ကပ်ဘေး စတင်ကူးစက်ခံရချိန်မှာ ကိုဗစ်ကာကွယ်ရေး အတွက် နှာခေါင်းစည်းတပ်ကြဖို့ အစိုးရက နေ့တိုင်းထုတ်ပြန်ခဲ့ပါတယ်။ နှာခေါင်းစည်းမတပ်တဲ့သူတွေ ကိုလည်း ပြစ်ဒဏ်ပေးတာတွေ ရှိခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ရောဂါ ပျံ့နှံ့တာတွေကို ကာကွယ်နိုင်ဖို့ အတွက် နှာခေါင်းစည်းမတပ်သူတွေကို ငွေဒဏ် ၂၀၀ ရိုက်မယ်လို့ ကြေညာခဲ့ပါတယ်။

အခု စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ကလည်း ကိုဗစ်ကပ်ရောဂါ ကာကွယ်နိုင်အောင် လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့ကို အဆက်မပြတ် ကြေညာ နေပေမယ့် အောက်ခြေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ပြည်သူတွေ နှာခေါင်းစည်းတပ်တာကို လက်မခံကြပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို မကြာခဏ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိလာပြီးနောက်ပိုင်း နိုဝင်ဘာ လဆန်းပိုင်းကစလို့ မျက်နှာ သေချာမြင်ရအောင် နှာခေါင်းစည်းမတပ်ဖို့၊ ဦးထုတ်မဆောင်းဖို့၊ နေကာမျက်မှန် မတပ်ဖို့တွေအထိ တင်းကျပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

လူ့အခွင့်အရေးကျွမ်းကျင်သူ ကိုနစ်ကီဒိုင်းမွန်းကတော့ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ကျန်းမာ‌ရေးထက် သူတို့လုံခြုံရေးအတွက်သာ စဉ်းစားတာဖြစ်တယ်လို့ ပြောပါတယ်။

"အခုလက်ရှိက ကိုဗစ်က ဖြစ်နေတယ်။ လက်ရှိက မြန်မာနိုင်ငံမှာ ကိုဗစ်က ရှိနေတယ်။ အဲလို အနေအထားမျိုးမှာ သူတို့ တိုက်ခိုက်ခံရတာကို ရှောင်ချင်တော့ ပြည်သူလူထုကို Mask မတပ်နဲ့။ အဲဒါမှ သာလျင် သူတို့က စီစီတီဗွီတွေမှာ ပုံရိပ်တွေ ဖမ်းပြီးတော့ ဖော်ထုတ်လို့ရအောင်ပေါ့။ နောက် ရည်ရွယ်ချက် တစ်ခုက ဘာဖြစ်မလဲဆိုရင် Mask မတပ်ဘဲသွားကြ။ ပြည်သူလူထုတစ်ရပ်လုံးက စစ်ကောင်စီကို တော်လှန်နေတာဖြစ်လို့ ပြည်သူများများ ဒုက္ခရောက်လေ သူတို့က တိုင်းပြည်ကို အုပ်ချုပ်လို့ရလေဆိုတဲ့ သဘောမျိုး စဉ်းစားချင် စဉ်းစားနိုင်တယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းရာမှာ အမည် မဖော်လိုတဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် လူတိုင်း နှာခေါင်းစည်းတပ်ဖို့ အသိပညာပေးမှုကို ဒီနေ့အထိ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ နှာခေါင်းစည်း တပ်ရင် အရေးယူမယ်ဆိုတဲ့ ကြေညာမှုတွေဟာ အောက်ခြေမှာ လုံခြုံရေးနဲ့ဆိုင်တဲ့ ဒေသန္တရအမိန့်ကြောင့် ဖြစ်နိုင်ပေမယ့် ဒီကိစ္စတွေကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မသိရှိကြောင်း ပြောပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေဟာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၂ ရက်မှာ ရောဂါပိုး ကူးစက်ခံရသူအသစ် ၅၄၉ ယောက်ရှိပါတယ်။ ကိုဗစ်စတင်ကူးစက်ချိန်ကနေ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ငါးသိန်း တစ်သောင်းကျော်ရှိနေပြီး သေဆုံးသူ တစ်သောင်း ကိုးထောင်ကျော် ရှိနေပါတယ်။

ဒါပေမဲ့ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းမတပ်ရင် ကိုဗစ်ကူးစက်ခံရမလားဆိုတဲ့ စိုးရိမ်စိတ်ထက် လက်နက် နဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်ဖို့ ဝန်မလေးတဲ့ စစ်ကောင်စီတပ်တွေကိုသာ ပိုကြောက်နေကြရတယ် လို့လည်း ပြောကြပါတယ်။

RFA Burmese 

နှာခေါင်းစည်းတပ်သူတွေကို အရေးယူဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စည်းကမ်းထုတ် နှာခေါင်းစည်းတပ်သူတွေကို အရေးယူဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စည်းကမ်းထုတ် Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.