ကားမှောင်ခို တင်သွင်းမှုတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေ


မော်လမြိုင် ၊ နိုဝင်ဘာ (၁၉)

ထိုင်းနယ်စပ်ကနေတဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စစ်အုပ်စုအကြီးအကဲတွေ ကိုယ်တိုင် တင်သွင်းနေတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံတပ် အကြီးအကဲတွေနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး နယ်စပ်ကနေ တရားမဝင်လိုင်စင်မဲ့ ကားတွေကို မှောင်ခိုတင်သွင်းသူတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

" စစ်တပ်ဘက်ကအကြီးအကဲပိုင်းတွေနဲ့ ရဲအကြီးအကဲပိုင်းတွေကိုယ်တိုင် မြဝတီနယ်စပ်ကနေ တရားမဝင် ကားမှောင်ခိုတင်သွင်းတဲ့သူနဲ့ ပေါင်းပြီးလုပ်စားနေတာ၊ ဘယ်ချိန်ကတည်းက ပေါင်းပြီးလုပ်စားနေလဲ မသိဘူး၊ ကျွန်တော်တို့ ဒီ အာဏာသိမ်းဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းမှ သိရတာ။ တစ်လမှာ ၁ ခေါက်နှုန်းနဲ့ တစ်ခေါက်ဆို ကား ၁၀ စီးနီးပါးရှိတယ်၊ ကားမော်ဒယ်အမျိုးမျိုးပေါ့” လို့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အကြီးအကဲတွေနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေဟာ ၁ လကို တရားမဝင် လိုင်စင်မဲ့ကား ၁၀ စီးထက်မနည်း တင်သွင်းနေတာ ဖြစ်ပြီး၊ အဲလို တင်သွင်းရာမှာ အခက်အခဲ မရှိစေဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ယူ ဆောင်ရွက်ပေးနေရတယ်လို့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်စပ်တွေကနေ တင်သွင်းလာတဲ့ တရားမဝင် လိုင်စင်မဲ့ကားတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးကိုလည်း ပြန်လည် ပို့ဆောင်နေတာ ဖြစ်ပါတယ်။

မှောင်ခိုတင်သွင်းလာ ကားတွေအတွက် စစ်အုပ်စုအကြီးအကဲတွေက တာဝန်ယူဆောင်ရွက်ပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကားတစ်စီး မုန့်ဖိုး ကျပ် ၃၀၀၀၀ ပေးကြောင်းနဲ့ ရရှိလာတဲ့ ပိုက်ဆံတွေကို တာဝန်ကျရဲတွေကို ပြန်လည် ခွဲဝေယူကြတယ်လို့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

" တရားမဝင်ခိုးသွင်းလာတဲ့ ကားတွေ ပို့ဆောင်တဲ့အခါမှာ ဂိတ်အသီးသီးဖြတ်ရတယ်လေ၊ အဲလိုဖြတ်တဲ့အခါကျရင် ဂျူတီကျရဲတွေက တာဝန်ယူပေးရတယ်၊ ဂိတ်မှာက ရဲတစ်ခုပဲမဟုတ်ဘူးလေ၊ တခြားဌာနဝန်ထမ်းတွေလဲ ရှိတယ်လေ၊ သူတို့နဲ့ကြိုညှိခိုင်းရတာပေါ့၊သူတို့က ကားတစ်စီးကို သုံးသောင်းပေးတယ်၊ မုန့်ဖိုးပေးတဲ့သဘောပဲ ပြီးရင် ဂျူတီကျတဲ့သူတွေ အကုန်မျှပေးရတာပေါ့” လို့ ဆိုပါတယ်။

တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းမှုကိုတော့ စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်ထိ ဆောင်ရွက်နေတာ ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဘက်ကတော့ မြို့နယ်ရဲမှူးအဆင့်ကနေ ပြည်နယ်ရဲမှူးကြီး အဆင့်ထိ ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ကားမှောင်ခို တင်သွင်းမှုတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေ ကားမှောင်ခို တင်သွင်းမှုတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေ Reviewed by THITHTOOLWIN on 17:50 Rating: 5

No comments:

Powered by Blogger.