ကွမ်းခြံကုန်းမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက နှစ်ဦး စစ်ကြောရေးမှာ သေဆုံးတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေပြော

ကွမ်းခြံကုန်းမြို့မှာ မတ်လလယ်ပိုင်းတုန်းကမြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ရန်ကုန်တိုင်း ၊ ကွမ်းခြံကုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း အနီးနားမှာရှိတဲ့ ဒေးဒနောကျေးရွာနဲ့ အင်္ဂလုံးကျေးရွာအတွင်းက ရွာသား ၄၀ ခန့်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီလိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ရွာသားတွေထဲက အယောက် ၃၀ လောက်ကို ဒီရက်ပိုင်း အတွင်းမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ အချို့ကလည်း ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ဒေးဒနောကျေးရွာကနေ ဖမ်းဆီးခံရလိုက်ရတဲ့ ရွာသားတွေထဲက အသက် ၁၉ နှစ်အရွယ် မောင်ဇင်ဝေအောင်နဲ့ အသက် ၃၅ နှစ်အရွယ် ကိုမင်းဇော်ဦးကတော့ စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေကိုအကြောင်းကြားခဲ့ကြောင်း မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

" မောင်ဇင်ဝေအောင်ကတော့ အလောင်းပြန်မရဘူး။ ကိုမင်းဇော်ဦးကတော့ ကွမ်းခြံကုန်း ဆေးရုံမှာဆုံးတယ်။ မိသားစုကို အလောင်းပြန်မပေးဘူး၊ သင်္ဂြိုဟ်တဲ့နေရာကိုတော့ လာကြည့်ခွင့်ပေးတယ်" လို့ မိသားစုနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီရွာသားတွေကိုတော့ နိုဝင်ဘာ ၅ ရက်နေ့က ဒေးဒနောရွာနဲ့အင်္ဂလုံးကျေးရွာအနားက စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ဒေသခံ PDF တွေဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

ကွမ်းခြံကုန်းမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်နေ့ကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့ စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့အကြောင်းအတည်ပြုပြောဆိုထားပါတယ်။

နောက်ဆက်တွဲအနေနဲ့အနီးအနားကကျေးရွာသားတွေဖမ်းဆီးခံရမှုအခြေအနေနဲ့စစ်ကြောရေးမှာ ရွာသားတွေသေဆုံးမှုရှိနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုဘီဘီစီက ဆက်သွယ်မေးကြည့်ရာမှာတော့ ဒီအခြေအနေတွေကိုသိရှိတာမရှိဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။


BBC Burmese

ကွမ်းခြံကုန်းမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက နှစ်ဦး စစ်ကြောရေးမှာ သေဆုံးတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေပြော ကွမ်းခြံကုန်းမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက နှစ်ဦး စစ်ကြောရေးမှာ သေဆုံးတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေပြော Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.