ခုနစ်နှစ်အရွယ် ကလေးငယ် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရ


ဖမ်းဆီးခံထားရတဲ့ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်ရဲ့ အသက် ခုနစ်နှစ်အရွယ် သမီးငယ်လေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ နှစ်ရက်ကြာ ခေါ်ယူမေးမြန်းတာခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် မနက် ၃ နာရီအချိန်က မထက်ထက် နဲ့ သတင်းထောက် ကိုဝေလင်းယုတို့ကို သာကေတမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးချိန်မှာပဲ မထက်ထက်ရဲ့ သမီးငယ်ကိုပါ တစ်ပါတည်း ဖမ်းဆီးသွားခဲ့တာလို့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

"စစ်ကြောရေးမှာ ရိုက်တာနှက်တာတော့ မရှိဘူး။ ကလေးကို မေးတယ် အမေကြီးက သေနတ်ဝယ်တာတွေ ဘာတွေရှိလား။ လက်နက်တွေ တွေ့လား။ ကလေးက ပြန်ပြောလိုက်တယ်လေ အမေကြီးက သမီးကို သေနတ်တွေ တစ်ခါမှ ဝယ်မပေးဖူးဘူး။ သေနတ်တွေလည်း မမြင်ဖူးဘူးလို့ အဲဒီလိုပြောလိုက်တယ်"

အဖမ်းခံရပြီး သုံးရက်မြောက် စက်တင်ဘာ ၁၃ ရက်နေ့မှာ မထက်ထက်ရဲ့ သမီးငယ်လေးကို ပြန်လွှတ်ပေးခဲ့ပေမယ့် စစ်ကောင်စီက မထက်ထက်နဲ့ ကိုဝေလင်းယု တို့ကို အနိမ့်ဆုံးထောင်ဒဏ် ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်တဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများ ဥပဒေ ပုဒ်မ ၅ နဲ့ တရားစွဲထားပါတယ်။

မိသားစုဝင်တွေက သူတို့အဖမ်းခံခဲ့ရပြီးနောက် နှစ်လကျော်ကြာ ခုချိန်မှသာ သတင်းမီဒီယာတွေဆီ ဖွင့်ပြောလာတာဖြစ်ပါတယ်။

အဲဒီသတင်းသမား နှစ်ယောက်ကို သာကေတခရိုင်တရားရုံးမှာ အောက်တိုဘာ ၁၃ ရက်နေ့က ပထမအကြိမ် ရုံးထုတ်ခဲ့ပြီး နောက်ထပ်ရုံးထုတ်မယ့်ရက်ကို ပြန်ချိန်းဆိုတာ မရှိခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့နှစ်ဦးကို လက်ရှိအင်းစိန်ထောင်မှာ ထားရှိကာ မိသားစုကို လူကိုယ်တိုင် တွေ့ခွင့်မပြုဘဲ ထောင်ဝင်စာသာ ပို့ခွင့်ရတယ်လို့ ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမားပေါင်း ၁၁၀ ဖမ်းဆီးခံခဲ့ရပြီး ဇွန်လနဲ့ အောက်တိုဘာလတွေမှာ လွတ်ငြိမ်းသက်သာနဲ့ တချို့ ပြန်လွတ်လာကြပေမယ့်လည်း လက်ရှိမှာ သတင်းသမားပေါင်း ၄၀ ဝန်းကျင်ဟာ ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

RFA Burmese 

ခုနစ်နှစ်အရွယ် ကလေးငယ် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရ ခုနစ်နှစ်အရွယ် ကလေးငယ် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရ Reviewed by THITHTOOLWIN on 18:00 Rating: 5

No comments:

Powered by Blogger.