ခင်ဦးမှာ ၆၅ နှစ်ရွယ် ရွာသားတစ်ဦး ပစ်သတ်ခံရ


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာအနီးက တောထဲမှာ နိုဝင်ဘာ ၁၃ ရက် မနေ့က စစ်တပ်ရဲ့ စစ်ကြောင်း ဖြတ်သွားပြီးနောက် အသက် ၆၅ နှစ်အရွယ် မရမ်းအင်းရွာသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်သား ၃၀ လောက်ဟာ တောတွေထဲကို ခြေလျင်စစ်ကြောင်း ထွက်ခဲ့ပြီး သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာ မနေ့ညပိုင်းက ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့(စစ်တပ်) က ရွာတွေထဲတော့ မဝင်ဘူးရယ်၊ တောထဲတွေပတ်သွားနေတာ။ ညနေပိုင်းမှာ သေနတ်တွေ ရမ်းပစ်နေတာ ရွာကနေ ကြားရတယ်။ သူ့အလောင်းကို ညကျမှ ရွာကလူတွေ တွေ့တာ။ သူ့ဘေးမှာ သူရိတ်ထားတဲ့ နွားစာမြက်ထုံးတောင် တွေ့သေးတယ်။ တောထဲမှာ မြက်ရိတ်နေတာ သူက”

သေဆုံးခဲ့တဲ့သူဟာ မရမ်းအင်းရွာသား အသက် ၆၅ နှစ်ရွယ် ဦးသာအေး ဖြစ်တယ်လို့ သူကဆိုပါ တယ်။

မနေ့က စစ်ကြောင်းထွက်လာတဲ့ စစ်သားတွေဟာ မရမ်းအင်းရွာအပြင်ဘက် ယာတောထဲက ကွမ်းရွက်စိုက်ပျိုးရေးခြံတွေအတွက် ဆောက်လုပ်ထားတဲ့ တဲနှစ်လုံးနဲ့ ဆိုင်ကယ် လေးစီး ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ညပိုင်းမှာပဲ စစ်ကြောင်းထွက်ခဲ့တဲ့ စစ်သားတွေက ရွာသစ်ကုန်းရွာမှာပဲပြန်ပြီး တပ်စွဲထား တယ်လို့ဆိုပါတယ်။

အခုလို ရွာသားတစ်ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့တုန်းကလည်း ခင်ဦးမြို့နယ် သက်ရက်ကန်ရွာမှာ တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံသုံးဦးလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူုစောထီးအဖွဲ့တွေရဲ့ စစ်ကြောင်းထွက်လာတာနဲ့တိုးပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese 

ခင်ဦးမှာ ၆၅ နှစ်ရွယ် ရွာသားတစ်ဦး ပစ်သတ်ခံရ ခင်ဦးမှာ ၆၅ နှစ်ရွယ် ရွာသားတစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.