ထန်းတပင်နှင့် လှိုင်သာယာသာမက သာကေတနှင့် သန်လျင်တွင်ပါ စစ်ကောင်စီလက်ပါးစေများ ယနေ့ ပစ်သတ်ခံရ

Photo : CJ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရန်ကုန်၊ သန်လျင်တံတားအဆင်းရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီးရှိ ယာဉ်ထိန်းရဲများကို တပြိုင်နက် ပစ်ခတ်တိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်ပါးစေ(၅)ဦး သေဆုံးနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာ(၁၅)ရက် နံနက်(၁၁)နာရီ ဝန်းကျင်က ပြည်သူ့တော်လှန်ရေးတပ်သား (PDF) များက သန်လျင်တံတားအဆင်းရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်ပါးစေ(၁၀)ဦးခန့် ကျည်ထိမှန်ခဲ့ပြီး(၃)ဦးမှာ ပွဲချင်းပြီး သေဆုံးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

"သန်လျင်တံတားအဆင်းက ကင်းစခန်းကို PDF က ဝင်ပစ်တယ်လို့ သိရတယ်။ ကျွန်တော်တို့တော့ နည်းနည်းလှမ်းလို့ မကြားလိုက်ဘူး။ အဲ့နားက လူတွေ ပြောတာတော့ အတွဲလိုက်ကို ဆွဲပစ်သံတွေ ကြားတယ် ပြောကြတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

လက်ရှိအချိန်၌ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာကာ သန်လျင်တံတားကို ပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။

"ကားတွေလည်း အကုန်ပိတ်ကုန်ပြီ။ တစ်စီးချင်းကို သေချာစစ်နေတယ် ထင်တာပဲ။ ကားတွေတော့ တစ်တန်းကြီး ပိတ်နေတာ တစ်နာရီလောက်တောင် ရှိနေပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ငွေကြေးတောင်းခံကာ ပြည်သူလူထုကို အနှောင့်အယှက်ပေးနေသည့် ယာဉ်ထိန်းရဲများကိုလည်း PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲ (၃) ဦး ထိမှန်ခဲ့ပြီး(၂)ဦး သေဆုံးနိုင်ဖွယ် ရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသေးသည်။

ယနေ့မနက်ကလည်း ထန်းတပင်နှင့် လှိုင်သာယာတို့၌ စစ်ကောင်စီလက်ပါးစေများ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုများရှိနိုင်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်း၌ ပျံလွှားအောင် စစ်ဆင်ရေးစီမံချက်ဖြင့် အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်လျက်ရှိပြီး  ပြည်သူများအနေဖြင့်လည်း သတိဖြင့် နေထိုင်သွားလာ လှုပ်ရှားကြရန် အဆိုပါအဖွဲ့က  သတိပေးထုတ်ပြန်ထားသည်။


လူငယ့်ခေတ် Lu Nge Khit

ထန်းတပင်နှင့် လှိုင်သာယာသာမက သာကေတနှင့် သန်လျင်တွင်ပါ စစ်ကောင်စီလက်ပါးစေများ ယနေ့ ပစ်သတ်ခံရ ထန်းတပင်နှင့် လှိုင်သာယာသာမက သာကေတနှင့် သန်လျင်တွင်ပါ စစ်ကောင်စီလက်ပါးစေများ ယနေ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:09 Rating: 5

No comments:

Powered by Blogger.