ဖမ်းဆီးခံရပြီး နောက်တနေ့သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ရဲ့ နာရေးမြင်ကွင်း ဘယ်လိုဖြစ်ခဲ့လဲ


ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် ၅၄ လမ်းမှာနေထိုင်တဲ့ အသက်၁၉ နှစ်အရွယ်မောင်ဘုန်းမြင့်အောင်နဲ့ဖခင်ဖြစ်သူ ဦးထင်ဝင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

ဖမ်းဆီးသွားတဲ့နေ့မှာတော့ ဖခင်ဖြစ်သူကိုပြန်လွှတ်လိုက်ပြီး နောက်တနေ့နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ စစ်ကြောရေးမှာ မောင်ဘုန်းမြင့်အောင်သေဆုံးသွားပြီလို့မိသားစုတွေထံ အကြောင်းကြားလာတာဖြစ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။

သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့နိုဝင်ဘာ ၂၄ရက်နေ့က ရန်ကုန် ရေဝေးသုသာန်ကို စစ်ကောင်စီတပ်တွေက လာရောက်ပို့ဆောင်ခဲ့ပြီး နာရေးအခမ်းအနားလုပ်ခွင့်မရသလို မိသားစုတွေကရုပ်အလောင်းကို ကြည့်ခွင့်မရှိခဲ့ဘူးလို့ နာရေးကိုလိုက်ပါပို့ဆောင်ပေးခဲ့သူတွေကပြောပါတယ်။

“ ရေဝေးမှာတော့ ၁၂ နာရီလောက်ကတည်းက အရပ်ဝတ်အင်အားတွေတော်တော်များများရောက်နေတာ၊ ၁နာရီကျော်လောက်ကျတော့ နာရေးကားရောက်လာတယ်။ အလယ်မှာ စစ်ကားတစ်စီး ၊ အနောက်မှာ အံစာတုံးကားတစ်စီးနဲ့ရောက်လာတယ်။ နာရေးကားရပ်ပြီးတာနဲ့ စစ်ကားပေါ်က စစ်သားတွေက သေနတ်တွေအသင့်အနေအထားနဲ့ ဆင်းလာတယ်။ စစ်ကားပေါ်မှာ ဗိုလ်ကြီးတစ်ယောက်ကတော့ Mask အနက်တပ်ပြီး စောင့်နေတယ် သူကမဆင်းဘူး ။ နာရေးကားကို မီးသင်္ဂြိုဟ်စက်ရှေ့ကိုတန်းမောင်းခိုင်းတယ်။ မီးသင်္ဂြိုဟ် စက်အနားထိကားနောက်ပိုင်းကို ထိုးခိုင်းပြီး အနောက်ဖုံးကိုဖွင့်တယ်။ အလောင်းကိုလည်း ဘယ်သူမှကြည့်ခွင့်မပေးဘူး။ စစ်သားတွေက ပါးစပ်ကလည်းပြောတယ်၊ ဓါတ်ပုံမရိုက်ကြနဲ့ ဆိုပြီး သေနတ်နဲ့အော်နေတယ်။ ဓါတ်ပုံကိုင်ထားတဲ့မိသားစုဝင်တစ်ယောက်က အလောင်းကိုကြည့်ချင်လို့ သွားခွင့်တောင်းတာ စစ်သားက ခေါင်းခါပြီး အနားကမောင်းထုတ်တယ်” လို့ ဒီကနေ့နာရေးကိုလိုက်ပါပို့ဆောင်ခဲ့တဲ့ မောင်ဘုန်းမြင့်အောင်နဲ့နီးစပ်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ကိုတော့ စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၂ရက်နေ့ညက နေအိမ်မှာ စစ်ကား ၃ စီးနဲ့လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး နောက်တနေ့မှာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့မိသားစုကို အကြောင်းကြားလာကလွဲရင် မောင်ဘုန်းမြင့်အောင်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။

မောင်ဘုန်းမြင့်ကိုဖမ်းဆီးရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်း နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

BBC Burmese


ဖမ်းဆီးခံရပြီး နောက်တနေ့သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ရဲ့ နာရေးမြင်ကွင်း ဘယ်လိုဖြစ်ခဲ့လဲ ဖမ်းဆီးခံရပြီး နောက်တနေ့သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ရဲ့ နာရေးမြင်ကွင်း ဘယ်လိုဖြစ်ခဲ့လဲ Reviewed by THITHTOOLWIN on 06:51 Rating: 5

No comments:

Powered by Blogger.