အာဆီယံ-တရုတ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရေး တရုတ်ကြိုးပမ်းချက် ကန့်ကွက်မှုနဲ့ကြုံ


ရှေ့သီတင်းပတ်အတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ အာဆီယံ-တရုတ် ထိပ်သီး စည်းဝေးပွဲမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားရေး တရုတ်အထူးသံတမန် စွန်းဂေါ်ရှန်းက ကြိုးပမ်းခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က လက်မခံကြဘူးလို့ သံတမန်အသိုင်းဝိုင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် အိမ်ရှင်အဖြစ် ကမကထပြု ကျင်းပမယ့် အဲဒီ ထိပ်သီးစည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုမဖိတ်ဖို့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ကန့်ကွက်ခဲ့ကြတဲ့အကြောင်း ဒေသတွင်းမှာရှိတဲ့ သံတမန် အတော်များများရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

မြန်မာနိုင်ငံက ကိုယ်စားလှယ်ကို ဖိတ်ကြားတဲ့နေရာမှာ နိုင်ငံရေးပိုင်းကမဟုတ်တဲ့ ပုဂ္ဂိုလ်တဦးကိုသာ ဖိတ်ကြားရေးဆိုတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲအတွင်း ချမှတ်ခဲ့ကြတဲ့ မူဝါဒအတိုင်း ဆက်လက် ဆုပ်ကိုင်သွားဖို့ အဲဒီ ၄ နိုင်ငံက လိုလားကြကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က အစိုးရအရာရှိတွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေမတိုင်ခင် ပြသခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ "ဉာဏ်ကြီးမှု" ဆိုတာကို အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Teuku Faizasyah က ရည်ညွှန်းပြီး အင်ဒိုနီးရှားရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်ကို ထပ်ပြီး အတည်ပြုပါတယ်။

"ခေါင်းဆောင်တွေရဲ့ လာမယ့် ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဘယ်သူကိုယ်စားပြုသင့် တယ် ဆိုတဲ့အပေါ် အင်ဒိုနီးရှားရဲ့ရပ်တည်ချက်က အရင်အတိုင်းပါပဲ" လို့ ပြောခွင့်ရ Faizahyah ကပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဌာနက မှတ်ချက်ပေးဖို့ ငြင်းပြီး စင်္ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်တို့ကတော့ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အာဆီယံ-တရုတ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရေး တရုတ်ကြိုးပမ်းချက် ကန့်ကွက်မှုနဲ့ကြုံ  အာဆီယံ-တရုတ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရေး တရုတ်ကြိုးပမ်းချက် ကန့်ကွက်မှုနဲ့ကြုံ Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.