တရုတ်-အာဆီယံ အစည်းအဝေး တွင် လည်း မင်းအောင်လှိုင်ကို မတွေ့ပြန်


တရုတ်-အာဆီယံ ထိပ်တန်း ခေါင်းဆောင်ကြီးများ အွန်လိုင်း မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၏ ခေါင်းဆောင် အဖြစ် ခံယူထားသူ မင်းအောင်လှိုင် ကို မည်သူကမျှ လက်မခံ၍ ဘေးထွက် ထိုင် နေရသည့် ရှက်ဖွယ်လိလိ အဖြစ်ကြီး နှင့် ကြုံခဲ့ရပြန်သည်။ ထိုသတင်းကိုလည်း ကမ္ဘာမီဒီယာများက ဝေဝေဆာဆာ ဖေါ်ပြလာကြပြန်သည်။

ယခု ဖြစ်စဉ်သည် စစ်ကောင်စီ အဖို့ အာဆီယံ ထိပ်သီး အစည်း အဝေး တက်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရစဉ်ထက် အဆပေါင်းများစွာ  ထိုးနှက်ခံလိုက်ရခြင်းပင် ဖြစ်သည်။ အာဆီယံသည် အမေရိကန် ရုပ်သေးရုပ်များ ဖြစ်သွား သောကြောင့် ၎င်းအား ပေးမတက်ခြင်းဟု တပ်တွင်း တွင် ဝါဒဖြန့်၍ ရသေးသော်လည်း ယခု ကိစ္စမှာ ၎င်းတို့၏ မိတ်ဆွေကြီးအဖြစ် သတ်မှတ်ထားသည့် တရုတ်နိုင်ငံက စ၍ ပေယျာလကန် လုပ်ခြင်း ခံလိုက်ရသည့် အရေးပင် ဖြစ်သည်။ အာဆီယံသည် ဘီဂျင်းရှိ မြန်မာ သံအမတ်ကို တက်ရောက်ခွင့် ပြုရန် သဘောတူ ခဲ့သော်လည်း မြန်မာဖက်က တဦးတယောက်မျှ ထွက်ပေါ်လာခဲ့ခြင်း မရှိဘဲ ထုံးစံအတိုင်း အလံလေးသာ တွေ့ကြရသည်။

ဤသည်မှာ တရုတ် အနေဖြင့် အာဆီယံ၏ ရပ်တည်ချက် ကို လေးစားကြောင်း ပြသနိုင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေး အရ အမြတ်ထွက်သွားခဲ့ပေသည်။ မင်းအောင်လှိုင်အဖို့ ဆွန်ကောရှန်၏ ပျားရည်နှင့် ဝမ်းချခြင်းကိုသာ အောင့် သက်သက်နှင့် ခံလိုက်ရရှာသည်။

အိန္ဒိယ မှ ၂၀၂၂ ခုနှစ် သမ္မတနိုင်ငံ ထူထောင်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ မင်းအောင်လှိုင်အား ဖိတ်ကြားရန် ကြံစည်နေသည်ဟု သတင်းများ ထွက်ပေါ်လာနေခြင်းကို အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ငြင်းဆိုသွားခဲ့ပြန်ပြီ ဖြစ်သည်။

ပြည်ပ နိုင်ငံကြီး ကို အားကိုးအားထား ပြုကာ မိုက်မဲစွာ ကျင့်ကြံနေသော မင်းအောင်လှိုင်အား ယခုအခါ စစ်ရာဇဝတ်ကောင် အဖြစ် တရားဝင် တရားစွဲဆို ခံထားရခြင်း မရှိသေးသည်မှ အပ အားလုံးက ပြည်သူ့ခုံရုံး သို့မဟုတ် နိုင်ငံတကာ တရားရုံးတွင် ရုံးတင် စစ်ဆေးခံရဖို့ ကျိန်းသေ‌နေပြီဟု ယူဆထားသဖြင် ၎င်းအား နေရာပေး ဆက်ဆံကာ အတူတကွ အစည်းအဝေး တက်‌ရောက်ခွင့် ပေးခဲ့ပါလျှင် နောင်တချိန်တွင် အရှက်တကွဲ ဖြစ်ကြရမည့် သမိုင်းမှတ်တမ်းအဖြစ် ကျန်ရစ်‌တော့မည့် အရေးကို အာဆီယံက ရှောင်ရှားလိုပုံလည်း ရသည်။

သို့သော် အာဆီယံ သည် NUG နှင့် ပထမဆုံး ဆက်သွယ်မှု အဖြစ် သဘာဝ အရင်းအမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဝန်ကြီး ဒေါက်တာ တူးခေါင်အား နိုဝင်ဘာ ၂ ၃ မှ ၂၅ အထိ ကျင်းပမည့် ရာသီဥတု နှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ညီလာခံ သို့ မြန်မာ နိုင်ငံအား ကိုယ်စားပြု တက်ရောက်မည့်ဝန်ကြီး အဖြစ် တရားဝင် ဖိတ်ကြားလိုက်ပြီ ဖြစ်သည်။

စစ်ကောင်စီသည် အာဆီယံ၏ အထူး သံတမန်အား နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့် အား ငြင်းပယ်နေသရွေ့ တဖက်တွင် အာဆီယံ မှ NUG အား တိုး၍ တိုး၍ နေရာပေး ဆက်ဆံလာမည့် အကျပ်အတည်း နှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

လက်ရှိတွင် တရားဥပဒေ ကို မျက်ကွယ်ပြုကာ ပြည်သူတို့အား ဖိနှိပ် ညှင်းပမ်း နေသည့် အုပ်ချုပ်ရေး ယန္တရားကြီး၏  လက်ကိုင်တုတ် အဖြစ် လူဆိုးဂိုဏ်းသာသာ ဘဝနှင့် အသုံးချခံနေရသော ရဲ တပ်ဖွဲ့ကြီးအား နိုင်ငံတကာ ရဲအဖွဲ့  (အင်တာပိုလ်) ညီလာခံအား နာမည်ဆိုး ဖြင့် ကျော်ကြားနေသည့် သန်းလှိုင်ဆိုသူအား နိုင်ငံကိုယ်စားပြု တက်‌ရောက်ခွင့် ပြုမည့် အရေးကို ပြည်တွင်း ပြည်ပရှိ လူမှု အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်လျက် ရှိနေကြပြန်သည်။

ပလ္လင်ပေါ်သာ အတင်း တက်ထိုင်နေသော်လည်း ခုနှစ်ပြည်ထောင်မင်း တို့၏ လေးစား အသိအမှတ်ပြုခြင်းကို မခံရရှာသော မင်းအောင်လှိုင်၏ အဖြစ်သည် နိုင်ငံ အကြီးအကဲများ၏ ရာဇဝင်တွင် တခါဖူးမျှ ကြုံဖူးခြင်း မရှိသည့်၊ အရှက်တကွဲ အကျိုးနည်းရသည့်၊ အဖြစ် ရောက်ခဲ့ရပြီ ဖြစ်သည်။

တရုတ်၏ ပြစ်ပယ်ခံလိုက်ရသော အရေးသည် စစ်‌ကောင်စီ အတွက် မည်သို့မျှ ဖြေဆေးမရှိသော အဆိပ်သင့် ခံလိုက်ရခြင်း ဖြစ်သည်။ ယင်း နှင့် အတူ မင်းအောင်လှိုင် သက်ဆိုးရှည်နေသရွေ့ တိုင်းပြည်သည် နိုင်ငံတကာ၏ အပယ်ခံ ဘဝ နှင့် ရပ်တည်သွားရတော့မည် ဆိုသည်ကား ထင်ရှားသည်ထက် ထင်ရှားလာနေရမှု နှင့်အတူ တိုင်းပြည် ကြီးပွားတိုးတက်နိုင်မည့် အခွင့် အလမ်းများလည်း ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။

တိုင်းပြည်သည် ရှေ့လျှောက် နစ်မွန်းသည်ထက် နစ်မွန်းလာတော့မည် ဖြစ်၍ တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်နိုင်ရန်  တဖက်တွင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC သည်လည်း တိုင်းရင်းသားမျာ၊ အဖွဲ့အစည်းများ အားလုံး ကိုယ်စားပြုနိုင်သည့် ပြည်သူ့တော်လှန်ရေး ကြီး ၏ ပဲ့ကိုင် အဖွဲ့အစည်းကြီး တခု အဖြစ် ရပ်တည်လာရန် စည်းရုံးလျှက် ရှိနေပြီး မကြာမီ အ‌ကောင်အထည် ပေါ်လာ တော့မည် ဖြစ်သည်။

တဖန် အမျိုးသား ညီညွတ်ရေး အစိုးရမှ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု များ အတွက် ရံပုံငွေ ရရှိရန် ငွေတိုက် စာချုပ်များ ကို စတင် ရောင်းချလိုက်ပြီ ဖြစ်သည်။ အဆိုပါ စာချုပ်များသည် တနည်းအားဖြင့် လူထု ထံမှ ငွေအား ခေတ္တခဏ ချေးငှား သည့် သဘောဖြစ်ပြီး အတိုးရမည်တော့ မဟုတ်ပေ။

အမျိုးသား ညီညွတ်ရေး အစိုးရသည် စစ်ရေး အသုံးစရိတ် မပါဘဲ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး ကဏ္ဍများ တွင် သုံးစွဲရန်နှင့် စစ်ဘေးရှောင် ပြည်သူများ နှင့် ထွက်ပြေးခိုလှုံလာသော တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့နိုင်ရန် စုစုပေါင်း ဒေါ်လာ သန်း ၈၀၀ ခန့် ရရှိရေးအတွက် ရည်မှန်းလျှက် ရှိသည်။

တန်ဖိုးအား ဒေါ်လာ ၁၀၀, ၅၀၀, ၁,၀၀၀ နှင့် ၅,၀၀၀ အသီးသီး သတ်မှတ်ထားသည့် ငွေတိုက်စာချုပ်များအား အတိုးမရသော်လည်း ပြည်သူများက တော်လှန်ရေးကြီး အောင်မြင်ရန် စတင်ဖွင့်လှစ်သည့် နေ့မှာပင် ကြောက် ခမန်းလိလိ အလုအယက် ဝယ်ယူနေကြသည့် သတင်းများလည်း ကြားသိနေရသည်။

မြန်မာ တမျိုးသားလုံးကို ၎င်းတို့၏ စစ်ဖိနပ်အောက်တွင် နင်းပြား အဖြစ် ထားရန် ကြံရွယ်လာသော စစ်ကောင်စီ ၏ အဖြစ်သည် မြန်မာတို့၏ နောက်ဆုံး ထီးနန်း ကွယ်ပျောက်ခဲ့ရပြီးလျှင် ပြီးချင်း တိုင်းပြည်ကို ကျွန်ပြု လာခဲ့ သော ဗြိတိသျှ တို့ကဲ့သို့ အဖြစ်မျိုး ကျရောက်လာပြီး ဗိုလ်မင်းရောင်၊ ဗိုလ်ချို၊ ဝန်သိုစော်ဘွားကြီးတို့ ကဲ့သို့ မျိုးချစ် တော်လှန်ရေးသမားများ နေရာတွင် PDF များ အလျှိုလျှို ပေါ်‌ပေါက်လာလေပြီဖြစ်သည်။

သို့သော် စစ်ကောင်စီ အဖို့ ဗြိတိသျှ တို့ကဲ့သို့ အိန္ဒိယမှ စစ်ဗာရီတပ်များကို စစ်ကူ ခေါ်နိုင်ခွင့် မရှိသဖြင့် တဖြေးဖြေး နှင့် လုံးပါး ပါးဖို့သာ ရှိနေသည်။ ယခုအခါ မတတ်သာ၍ ငုံ့ခံ နေကြရသည်သာ ရှိပြီး တတိုင်း ပြည်လုံး ရွံရှာ မုန်းတီးလျှက် ရှိနေကြသည်။ ၎င်းတို့ ဒီနေ့ ရာထူးလက်လွတ် ဆင်းမည်ဆိုလျှင် မိနစ်ပိုင်း အတွင်းမှာပင် တနိုင်ငံလုံးရှိ လမ်းများပေါ်တွင် ပျော်ရွှင်မြူးတူး ခုန်ပေါက် နေကြသော ပြည်သူများ နှင့် ပြည့်လျှံသွားမည်က မြေကြီးလက်ခတ် မလွဲ ဖြစ်ပေတော့မည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

တရုတ်-အာဆီယံ အစည်းအဝေး တွင် လည်း မင်းအောင်လှိုင်ကို မတွေ့ပြန်  တရုတ်-အာဆီယံ အစည်းအဝေး တွင် လည်း မင်းအောင်လှိုင်ကို မတွေ့ပြန် Reviewed by THITHTOOLWIN on 07:10 Rating: 5

No comments:

Powered by Blogger.