ရန်ကုန်မြို့ အမေရိကန်သံအမတ် အိမ်အနီး ဗုံး ၂ လုံးပေါက်ကွဲ


အင်္ဂါနေ့ည ၉ နာရီ မီးနစ် ၄၀ အချိန်မှာရန်ကုန်တိုင်းလှိုင်မြို့နယ် ပြည်လမ်းမကြီးပေါ်က အမေရိကန်သံအမတ်ကြီးနေအိမ်နဲ့မလှမ်းမကမ်းမှာ၊ ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ တမီးနစ်ခြားပြီး ဒုတိယတလုံးပေါက်ကွဲခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ၊ ကျောင်းလမ်းမှတ်တိုင်အနီး၊ ရွှေင်္ဟာသာကွန်ဒိုရှေ့ဖက် လမ်းမကြီးပေါ်မှာတလုံးပေါက်ကွဲခဲ့ပါတယ်။ ရွှေင်္ဟာသာကွန်ဒိုနဲ့မျက်နှာခြင်းဆိုင်အိမ်မှာနေတဲ့မျက်မြင်သက်သေတဦးလည်းဖြစ်တဲ့ ကိုဘုန်းဝင်းကို ကိုဇော်မိုးကျော်ကဆက်သွယ်ပြီးအခြေအနေတချို့ကိုမေးမြန်းထားပါတယ်။

ကိုဇော်မိုးကျော်။ ။ဟုတ်ကဲ့ပါ ကိုဘုန်းဝင်းတို့အိမ်ရှေ့နားမှာ အင်္ဂါနေ့ညတုန်းက ဗုံး ၂ လုံးပေါက် ကွဲခဲ့ကြောင်းသိရပါတယ်။ ဘယ်လိုဖြစ်ခဲ့ပါသလဲ ဘာတွေတွေ့မြင်ခဲ့ပါသလဲ နည်းနည်းပြောပြ ပေးပါလားခင်ဗျ။

ကိုဘုန်းဝင်း။ ။ပထမအလုံးကတော့ ပြည်လမ်းလမ်းလည်ခေါင်မှာကွဲတာပေါ့။ ကျနော်တို့ခြံရှေ့နဲ့ ရွှေင်္ဟာနဲ့ကွန်ဒိုနဲ့ကြားထဲက လမ်းမကြီးပေါ်မှာ အလယ်ခေါင်မှာကွဲတယ်။ ဒုတိယတလုံးကတော့ ရန်ကုန်မြို့ထဲကနေလာလို့ရှိရင်ညာဖက်အခြမ်းပေါ့လေ၊ မင်္ဂလာဒုံဘက်သွားရင်ညာဖက်အခြမ်းမှာကွဲတယ် အမှတ် ၅၄ ပြည်လမ်း အိမ်ရှေ့မှာကွဲတယ်ပေါ့၊ ဟိုဆိုင်းဘုတ်တွေဘာတွေမှန်တွေဘာတွေကွဲသွားတယ်၊ ရေပိုက်တွေဘာတွေကျိုးသွားတယ်ပေါ့။ နောက်တတိယတလုံးက မလှမ်းမကမ်းမှာ ဘဲဒုတိယတလုံးနဲ့ ပေ ၂၀ လောက်ဘဲဝေးမယ်နဲ့တူတယ်၊ အဲဒိမှာတော့ တတိယတလုံးတွေ့တယ်၊ အဲဒါတော့မကွဲသေးဘူးပေါ့။

ကိုဇော်မိုးကျော်။။ ပြင်းအားဘယ်လောက်ရှိလဲခင်ဗျာ အသံအတော်တော်ကျယ်ကျယ်ကြား ရပါလာခင်ဗျ။

ကိုဘုန်းဝင်း။ ။အသံကတော့တော်တော်ကျယ်တယ် ပထမအလုံးထဲက တီဗွီဖွင့်ထားတာ တောင်တော်တော်ကြီးကျယ်ကျယ်ကြားရတယ်။ ဒုတိယတလုံးကျတော့ တီဗွီပိတ်လိုက်ပြီးတော့ ဟိုအိမ်အပြင်ဘက်ရောက်သွားတော့ပိုပြီးတော့ဟို တော်တော်လေးကြားရတယ်၊ ပြီးတော့ အသံလှိုင်းတွေဘာတွေလေ၊ တုန်ခါတာတွေဘာတွေကြားရတယ်၊ ယမ်းငွေ့အနံတွေဘာတွေချက်ခြင်းရတယ်။ ဘေးကအစအနတွေဘာတွေလွင့်သွားတာတောင် ကျနော်တို့ကြားရတယ်ပေါ့လေ။

ကိုဇော်မိုးကျော်။ ထိခိုက်ဒါဏ်ရာရရှိသူရောရှိပါလားခင်ဗျာ။

ကိုဘုန်းဝင်း။ ။ဟို ထိခိုက်တာ လူကတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂိတ်နဲ့ပေ ၃၀ လောက်ဝေးတဲ့နေရာမှာကွဲတာပေါ့နော်။ ကျနော်တို့အိမ်ရဲ့ဂိတ်စောင့်က ဂိတ်ကိုပိတ်ပြီးတော့ သူကအတွင်းရောက်တဲ့အချိန်မှာကွဲတာဆိုတော့ သူကကံကောင်းသွားတယ် လွတ်သွားတယ်။

ကိုဇော်မိုးကျော်။။နောက်ပြီးတော့ ဒီ ထိခိုက်ပျက်စီးသွားတာတွေရောရှိပါလားခင်ဗျာ။

ကိုဘုန်းဝင်း။ ။ လမ်းမပေါ်မှာထောင်ထားတဲ့ကြော်ငြာ ဆိုင်းဘုတ်ရှိတာပေါ့၊ အဲဒိဆိုင်းဘုတ် ကြီးအောက်မှာ (ဒုတိယတလုံး) ကွဲတာဆိုတော့ အဲဒိဆိုင်းဘုတ်ရဲ့ မှန်တွေဘာတွေကကွဲကျသွားတာပေါ့လေ။

ကိုဇော်မိုးကျော်။။ဟုတ်ကဲ့ တခုလောက်မေးပါရစေခင်ဗျ။ ဘာရည်ရွယ်ချက်ကြောင့် ဒီလိုနေရာမှာဗုံးခွဲ မှု တွေလုပ်တယ်လို့ထင်ပါသလဲခင်ဗျာ။ ဘယ်လိုဖြစ်နိုင်ခြေတွေရှိပါသလဲ။

ကိုဘုန်းဝင်း။ ။အဲ ကျနော်ထင်တာတော့ သူတို့မှားဘဲလုပ်တာလား ဒါမှမဟုတ် အမေရိကန် သံအမတ်အိမ်ကလည်း ကျနော်တို့နဲ့ ၆ အိမ်လောက်ခြားမှာရှိတယ်လေ။ သံအမတ်ကြီးအိမ်ရှေ့ တည့်တည့်တော့မဟုတ်ဘူး။ သံအမှတ်ကြီးအိမ်ရှေ့ကနေ ဂိတ်ကနေထွက်ပြီးတော့ အဲဒိကွဲတဲ့နေရာကိုကြည့်လိုက်ရင်လှမ်းပြီးတော့မြင်ရတယ်။ ဆိုတော့ အဲလိုမျိုးဘဲ သိစေ့ချင်လို့ လုပ်တာလား၊ အဲဒိကွဲတာနဲ့ပေ တရာ၊တရာ့ငါးဆယ်အတွင်း ဆိုလို့ရှိရင်တော်တော်လေးနီးတဲ့ အပိုင်းမှာဆိုလို့ရှိရင်တော့ အရပ်သားအိမ်တွေကြီးဘဲရှိတယ်။ ဘယ်သူမှအစိုးရအလုပ်လုပ်တဲ့ လူမရှိဘူး စီးပွားရေးအရလည်းအစိုးရနဲ့ဆက်စပ်ပြီးတော့ ဖက်စပ်တွေဘာတွေလုပ်တဲ့ လူတွေဘာတွေလည်းမရှိဘူး စဉ်းစားရတော့ ခက်တာပေါ့။

ကိုဘုန်းဝင်းပြောဆိုသွားတာပါ။

ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ ဘယ်သူဘယ်ဝါရဲ့လက်ချက်ဖြစ်တယ်ဆိုတာမျိုး ထုတ်ဖေါ်ပြောဆိုတာမျိုးမရှိသေးပါဘူး။

ဗုံးပေါက်ကွဲမှုအပြီး ၁၅ မီးနစ်လောက်မှာရဲနဲ့လုံခြုံရေးတာဝန်ရှိသူတွေ ရောက်လာတယ်လို့ကို ဘုန်းဝင်းကပြောပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကိုသိနိုင်ဖို့အတွက်လှိုင်မြို့နယ်ရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်၊ ဖုန်းခေါ်လို့မရခဲ့ပါဘူးခင်ဗျာ။

ဇော်မိုးကျော်  / ဗွီအိုအေ ( မြန်မာပိုင်း)

ရန်ကုန်မြို့ အမေရိကန်သံအမတ် အိမ်အနီး ဗုံး ၂ လုံးပေါက်ကွဲ ရန်ကုန်မြို့ အမေရိကန်သံအမတ် အိမ်အနီး ဗုံး ၂ လုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 09:03 Rating: 5

No comments:

Powered by Blogger.