ကိုဗစ် မျိုးကွဲသစ်တွေ့ရှိမှုကြောင့် နိုင်ငံတချို့ နယ်စပ်တွေပိတ်

ဟိသရိုးလေဆိပ် ဆိုက်ရောက်နေရာ

တောင်အာဖရိကနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အခုသီတင်းပတ်အစောပိုင်းမှာ တွေ့ရတာကြောင့် ခရီးသွားလာခွင့်တင်းကျပ်တဲ့နိုင်ငံတွေ ပိုတိုးလာပါတယ်။

ယူကေ၊ စင်ကာပူနဲ့ ဂျပန်တို့ဟာ တောင်အာဖရိကနဲ့ အိမ်နီးချင်းနိုင်ငံတွေက လာတဲ့ လေယာဥ်တွေကို တားမြစ်တာနဲ့ ပိုတင်းကျပ်တဲ့ ကွာရန်တင်းစည်းမျဥ်းတွေကို မြန်မြန်ဆန်ဆန် ချမှတ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

ဥရောပသမဂ္ဂကတော့ အီးယူနိုင်ငံတွေကို အာဖရိကဒေသကလာတဲ့ လေယာဥ်တွေအဝင် တားမြစ်ဖို့ ပြင်ဆင်နေပါတယ်။

သိပ္ပံပညာရှင်တွေက မျိုးကွဲသစ်ကို အများကြီးလေ့လာဖို့လိုသေးပေမဲ့ အင်မတန်စိတ်ပူနေတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ မျိုးကွဲသစ်ရဲ့ ကူးစက်ပြန့်ပွားနိုင်ခြေကို နားလည်နိုင်ဖို့ သီတင်းပတ် အနည်းငယ်ယူရဦးမယ်လို့ ပြောပါတယ်။

ဒီမျိုးကွဲသစ်ဟာ အရင်ရှိပြီးတဲ့ ဗိုင်းရပ်စ်တွေနဲ့ အလွန်ကွာခြားပြီး မျိုးဗီဇပြောင်းလဲမှု အများဆုံး ဗိုင်းရပ်စ်ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံ ဝူဟန်က မူလ ဗိုင်းရပ်စ်ကို မူတည်ပြီး ထုတ်ထားတဲ့ ကာကွယ်ဆေးတွေ မထိရောက်တော့တာ ဖြစ်လာနိုင်ပါတယ်။

အရင်မျိုးကွဲသစ်တွေကို ဒယ်လ်တာ၊ ဘီတာတို့ နာမည်ပေးထားသလို ဒီမျိုးကွဲသစ်ကို နာမည်မပေးရသေးပါဘူး။ အခုလောလောဆယ်တော့ B.1.1.529 လို့ သတ်မှတ်ထားကြပါတယ်။

WHO က သောကြာနေ့မှာ နာမည်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ဒီမျိုးကွဲဟာ စိုးရိမ်ရတဲ့မျိုးကွဲလား စောင့်ကြည်ရမယ့်မျိုးကွဲ ဆိုရုံပဲလားကိုလည်း ကြေညာမှာ ဖြစ်ပါတယ်။

ကူးစက်မှုတွေကို တောင်အာဖရိကမှာ အများစု အတည်ပြုထားပါတယ်။ ဒါပေမဲ့ ဟောင်ကောင်၊ အစ္စရေးနဲ့ ဘော့ဆွာနာနိုင်ငံတို့မှာလည်း တွေ့ရှိထားပါတယ်။

ယူကေကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်ကတော့ ဒီမျိုးကွဲ တခြားနိုင်ငံတွေကို ပျံ့နှံ့ဖို့ အများကြီး ဖြစ်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

BBC Burmese

ကိုဗစ် မျိုးကွဲသစ်တွေ့ရှိမှုကြောင့် နိုင်ငံတချို့ နယ်စပ်တွေပိတ် ကိုဗစ် မျိုးကွဲသစ်တွေ့ရှိမှုကြောင့် နိုင်ငံတချို့ နယ်စပ်တွေပိတ် Reviewed by THITHTOOLWIN on 06:55 Rating: 5

No comments:

Powered by Blogger.