မိုင်းကိုင်မြို့နယ်က ဂိတ်စခန်းစောင့် နစက စစ်သားတစ်ဉီး သေနတ် ၄ လက်ဖြင့်ထွက်ပြေး


စက်တင်ဘာလ ၁ ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင် လဲချား - မိုင်းကိုင် ကြားရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တပ်သားတစ်ဉီး   ဆိုင်ကယ် တစ်စီးနှင့် အတူ သေနတ် ၄ လက် ၊ စခန်းရံပုံငွေများ ယူဆောင်ပြီး ထွက်ပြေးကြောင်း သတင်းသိရသည်။ 

၂၀၂၁ ခု စက်တင်ဘာ ၁ ရက်နေ့ ယနေ့ နံနက်ပိုင်းမှ စပြီး အဆိုပါ တပ်ပြေးအား မိခင်တပ်ရင်းဖြစ် သည့် လဲချားအခြေစိုက် ခမရ ၅၁၅ မှ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း၊ အဆိုပါ တပ်ပြေးသည် သြဂုတ်လ ၂၉ ရက်နေ့ည က လဲချား-မိုင်းကိုင်ကြားရှိ ၄၉ မိုင် ဂိတ်စခန်းမှ စခန်းရံပုံငွေများနှင့်အတူ သေနတ် ၄ လက်နှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွား ကြောင်း စစ်တပ်နှင့် နီးစပ်သည့် မိုင်းကိုင်မြို့မှ ဒေသခံ တစ်ဉီးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ 

“ဒေသအခေါ်ကတော့ ဒီဂိတ်ကို ၄၉ ဂိတ်လို့လည်း ခေါ်ကြတယ်၊ သူတို့ တပ်ဖွဲ့တွင်းက ရန်ပုံငွေကြေး တစ်ချို့ နဲ့ သေနတ် ၄ လက်ယူပြီးတော့ ထွက်ပြေးသွားတယ်၊ ဆိုင်ကယ် တစ်စီးနဲ့ပေါ့၊ အဲ့နေ့ ကတည်းက တပ်အင်အား ထပ်ဖြည့်ပြီးတော့ လမ်းသွားလမ်း လာတွေကိုရော အနီးပတ်ဝန်းကျင် က ဒေသတွေကိုရော ပိုက်စိပ်တိုက်ရှာဖွေတော့တယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် မိုင်းကိုင် - လဲချား ကြားရှိ လွိုင်ခန်တောင် ခြေအနီးတွင် တည်ရှိနေပြီး လဲချားမြို့အခြေစိုက် ခမရ ၅၁၅ လက်အောက်ခံတပ်မှ ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်သားအင်အား အများ အပြား နှင့် လမ်းသွားလမ်းလာ ပြည်သူများကို မေးမြန်းသည့် အပြင် ပစ္စည်းများကိုလည်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။ 

“သူတို့ဂိတ်က တပ်သားထွက်ပြေးပြီးတဲ့နောက်မှာပေါ့ ကားသမားတွေကိုဆို အရမ်းမေးတယ်၊ ပစ္စည်းတွေကို လည်း ထုတ်စစ်တယ်၊ အဲ့လိုမျိုးတွေ့ပေါ့နော်၊ ပြည်သူတွေကို ပိုပြီးတော့ စစ်ဆေးမေးမြန်း လာတာတွေ့ရ တယ်” ဟု လဲချားမြို့နေ လူငယ်တစ်ဉီးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လက်ရှိတွင် အာဏာာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားအင်အား အများအပြားကို မိုင်းကိုင်မြို့နယ် အတွင်း ဖြန့်ထားလျက်ရှိပြီး မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်ကြားရှိ နယ်မြေဒေသများတွင် စစ်ကြောင်းဖြင့် လှုပ်ရှားရှာဖွေနေကြောင်းလည်း သိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုင်းကိုင်မြို့နယ်က ဂိတ်စခန်းစောင့် နစက စစ်သားတစ်ဉီး သေနတ် ၄ လက်ဖြင့်ထွက်ပြေး မိုင်းကိုင်မြို့နယ်က ဂိတ်စခန်းစောင့် နစက စစ်သားတစ်ဉီး သေနတ် ၄ လက်ဖြင့်ထွက်ပြေး Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.