Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ်

Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ် ရန်ကုန်မြို့က မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှာ ချိတ်ဆွဲထားတဲ့ wave money ဆိုင်းဘုတ်ကို တွေ့ရစဉ် / Photo: YE AUNG THU / AFP

အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပတ်သက်တဲ့ ဘဏ်အကောင့်တွေ၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့လှူဒါန်းနေတဲ့ ဘဏ်အကောင့်တွေအပါအဝင် မိုဘိုင်းငွေကြေးလုပ်ငန်း အားလုံးကို ကန့်သတ်ထိန်းချုပ်၊ ပိတ်ပစ်နေတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အဲဒီဝန်ဆောင်မှုတွေကို နေ့စဉ်သုံးစွဲနေသူတွေက ပြောပါတယ်။

ဒါ့အပြင် Wave Money နဲ့ KBZPay လိုမျိုး Mobile Payment နဲ့ Mobile Banking စတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း စိစစ်ပြီး အကောင့်ပိတ်တာ၊ အရေးယူတာတွေ လုပ်မယ်လို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဝင်းသော် က မနေ့က တရားဝင် ထုတ်ပြောထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး တစ်ပတ်လောက်ကတည်းက ပုဂ္ဂလိက ဘဏ်တွေအားလုံးရဲ့ ငွေသွင်း၊ ငွေထုတ်စာရင်းတွေကို နေ့စဉ် ညနေ ၄ နာရီတိုင်း ဗဟိုဘဏ်ကို ပေးပို့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နာမည်ကြီးပုဂ္ဂလိက ဘဏ်တစ်ခုရဲ့ အကြီးတန်း မန်နေဂျာက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ လူငယ်တွေရဲ့ KBZPay အကောင့်တွေကို ဘဏ်က ပိတ်ပစ်ခဲ့သလို ဩဂုတ် ၁၃ ရက်နေ့မှာလည်း နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဝင်စာ ကူညီပေးနေတဲ့အဖွဲ့ရဲ့ ငွေစာရင်းအချို့ အပိတ်ခံခဲ့ရတယ်လို့ ကိုယ်တွေ့ ကြုံသူတွေက ပြောပါတယ်။

ဘဏ်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ တိကျတဲ့ အဖြေမပေးဘဲ သက်ဆိုင်ရာက ပိတ်ခိုင်းလို့ဆိုပြီးတော့သာ ဖြေဆိုပြီး ဘဏ်ကို မှတ်ပုံတင်နဲ့ လူကိုယ်တိုင်လာခိုင်းတာကြောင့် မသွားခဲ့ဘူးလို့ အကောင့်အပိတ်ခံရတဲ့ မန္တလေးမြို့ဒေသခံ မအိပြည့်စုံက RFA ကိုပြောပါတယ်။

"ဘာကြောင့်ပိတ်တာလဲဆိုတာကို KBZPay ကိုဖုန်းဆက်တယ်ပေါ့နော်၊ မှတ်ပုံတင်နဲ့ ဘဏ်ကို လာခဲ့ပြီးတော့ လုပ်လို့ရပါတယ် အဲဒါပြောတယ်ပေါ့၊ အဲဒီနောက်ပိုင်း ညီမလည်း မသွားဖြစ်တော့ဘူး၊ ညီမ အကောင့်ထဲက ၃၈ သိန်း နည်းနည်းကျော်တယ်ပေါ့နော်၊ မနေ့ကတော့ ညီမသူငယ်ချင်းထပ်ပြီးတော့ အပိတ်ခံရတယ်၊ ဖုန်းဆက်တဲ့အခါကျတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိတ်တာတဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲဆိုတော့ သူတို့ဆီက တိကျတဲ့အဖြေ ထွက်မလာဘူး၊ ဒီ KBZPay ဝန်ထမ်းတွေမှာရှိမယ့် အချက်အလက်မျိုးတွေကိုတောင်မှ စစ်ကောင်စီကို ချပြပြီးတော့ ညီမတို့ရဲ့အကောင့်တွေကို ပိတ်ပစ်တယ်ဆိုတာကြီးကတော့ တစ်ဘက်ကပိတ်ခိုင်းတာနဲ့ ပိတ်ပစ်တယ် ဆိုတာကြီးကတော့ ဒါညီမတို့ဘက်ကို လုံးဝရပ်တည်ပေးတာမျိုးမဟုတ်ဘူး၊ လုံးဝတော့ အဆင်မပြေဘူး ပေါ့နော်"

ဒီလိုမျိုးတွေ ဆက်လုပ်နေရင်တာ့ ကိုယ်တိုင်လည်း နောက်ဘယ်တော့မှ KBZ ဘဏ်ကို မသုံးတော့သလို ပြည်သူတွေအနေနဲ့လည်း ဘဏ်ကို လုံးဝယုံကြည်တော့မှာမဟုတ်ဘူးလို့ မအိပြည့်စုံက ပြောပါတယ်။

KBZPay အသုံးပြုနေသူတစ်ဦး

ဩဂုတ်လ ၉ ရက်နေ့ကလည်း အိမ်မဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ KBZPay နဲ့ Wave Money အကောင့်တွေကို စစ်ကောင်စီက ပိတ်လိုက်တာကြောင့် အလှူငွေ သိန်းသုံးဆယ်ကျော် ထုတ်မရဖြစ်သွားတယ် လို့ အိမ်မဲမြို့နယ် PDF အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် NUG၊ PDF တို့နဲ့ လုံးဝမသက်ဆိုင်ဘဲ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီ ထောက်ပံ့ပြီး ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးပညာအသိုက်အဝန်းရဲ့ ဘဏ်အကောင့်တွေလည်း ဩဂုတ်လ ၆ ရက်နေ့က အပိတ်ခံခဲ့ရပါတယ်။

ဘဏ်တွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ အကြောက်တရားကြောင့် စစ်ကောင်စီရဲ့အလိုကျ လိုက်လုပ် နေကြတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းနာမည်ကြီး ပုဂ္ဂလိဘဏ်တစ်ခုရဲ့ အကြီးတန်းမန်နေဂျာက RFA ကို ပြောပါတယ်။

"ဖေဖော်ဝါရီလက စစ်ကောင်စီကနေပြီးတော့ မတရားသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘဏ်တွေကို ညွှန်ကြားချက်တွေ လာတာရှိတယ်၊ ညနေ ၄ နာရီတိုင်းကို ဘဏ်တွေကနေပြီးတော့ အထုတ်၊ အသွင်း စာရင်းကို ဗဟိုဘက်ကို ပို့ပေးရတယ်၊ ဘဏ်မှာရှိတဲ့ ဝန်ထမ်းတွေပေါ့ အဓိကကတော့ အကြီးပိုင်းတွေပေါ့ အကြောက်တရားကြောင့်ပေါ့။ စစ်ကောင်စီရဲ့ ခိုင်းတဲ့အတိုင်းကို လိုက်နာဆောင်ရွက်တယ်၊ ဘဏ်စနစ် မှာပါ ပါဝင်ပြီးတော့ ချယ်လှယ်လာတယ်ဆိုရင်တော့ အဆင်မပြေလောက်တော့ဘူးပေါ့နော်၊ ဘဏ်တွေ အနေနဲ့ကတော့ ရွေးချယ်စရာလမ်းတော့ ရှိမှာမဟုတ်ဘူး၊ သူတို့လည်း ကြောက်တဲ့အတွက်ကြောင့်မိုလို့ ခိုင်းရင် ခိုင်းတဲ့အတိုင်း လိုက်လုပ်မှာပဲ၊ တဖြည်းဖြည်းနဲ့ လိုက်မလုပ်နိုင်တဲ့ ဝန်ထမ်းတွေကလည်း နောက်ကိုဆုတ်သွားပြီးတော့ လိုက်လုပ်နိုင်တဲ့ ဝန်ထမ်းတွေက ရှေ့ကိုရောက်လာတာကတော့ ဒါ မြန်မာပြည်မှာ ဖြစ်နေကျပုံစံပေါ့နော်။ အကြောက်တရားကြောင့်"

လက်ရှိမှာ ဘဏ်တွေအနေနဲ့ ပြည်သူတွေရဲ့ ငွေကြေးတွေကို လိုသလောက် ပြန်ထုတ်မပေးနိုင်သလို အွန်လိုင်းပေါ်ကနေ ငွေကြေးပေးချေတဲ့စနစ်မှာလည်း အခုလို ကန့်သတ်ထိန်းချုပ်တာတွေလုပ်နေရင် ပြည်သူတွေရဲ့ ယုံကြည်မှု လျော့နည်းသွားမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ငွေကြေးလွှဲပြောင်းပေးပို့မှု စာရင်းတွေကို ဗဟိုဘဏ်ထံ သတင်း ပေးပို့ဖို့နဲ့ မပို့ရင် အရေးယူမယ်လို့ မြန်မာ့အသံ (MRTV) နဲ့ မနေ့က မေးမြန်းခန်းမှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဝင်းသော် က ပြောထားပါတယ်။

"CRPH နဲ့ NUG ကနေပြီးတော့ အွန်လိုင်းကိုအသုံးပြုပြီး တရားမဝင် ထီဖြစ်တဲ့ အောင်လံလွှင့်ချီ နွေဦးထီကို ရောင်းချဖို့ ဆောင်ရွက်လာတာရှိပါတယ်၊ CRPH နဲ့ NUG ဆိုတာ တကယ်တမ်းတော့ တရားမဝင် အဖွဲ့အစည်း ဖြစ်ပြီးတော့ တရားမဝင် ထီကို ရောင်းချဖို့ ဆောင်ရွက်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အကြောင်းကြားလာပြီးတော့ တရားမဝင်တဲ့ အဖွဲ့အစည်းရဲ့ ဆောင်ရွက်နေတဲ့ တရားမဝင် လွှဲပြောင်းခြင်း ကိစ္စတွေကို တားဆီးဖို့အတွက်ကို နိုင်ငံတော် ဗဟိုဘဏ်အနေနဲ့က ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းအားလုံးကို စာထုတ်ပြီးတော့ တားမြစ်တဲ့ကိစ္စ ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဘဏ်တွေ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအနေနဲ့က ဒီလို ဗဟိုဘဏ်အနေနဲ့ ထုတ်ပြန်ထားတဲ့အတိုင်း သတင်း ပေးပို့ဖို့ လိုအပ်ပါတယ်၊ သတင်း ပေးပို့ဖို့ ပျက်ကွက်လို့ရှိရင်တော့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်"

အဓိကအနေနဲ့ ဩဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ NUG အစိုးရရဲ့ အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချ နေရာမှာ ပြည်တွင်းက ဘဏ်အကောင့်တွေ၊ Mobile Payment နဲ့ Mobile Banking တွေကိုသုံးပြီး ငွေလွှဲပြောင်းတာတွေကိုလည်း စိစစ်သွားမှာဖြစ်တယ်၊ တစ်နည်းနည်းနဲ့ ပါဝင်သူတွေကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ က သတိပေးသွားပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ခြိမ်းခြောက်မှုတွေကြောင့် နွေဦးထီကို ထိုးဖို့ လုံခြုံရေးအရ စိုးရိမ်စိတ်ရှိပေမယ့် CDM တွေကို ထောက်ပံ့ဖို့အတွက် မကြောက်မရွံ့ ထိုးသွားမှာဖြစ်တယ်လို့ လူငယ်တစ်ယောက်ဖြစ်တဲ့ မထက်မြတ်သော် က RFA ကို ပြောပါတယ်။

"ကျမကတော့ နွေဦးထီကိုထိုးဖို့ စောင့်နေတဲ့ထဲက တစ်ယောက်ပါ၊ ကျမမှ မဟုတ်ပါဘူး တစ်နိုင်ငံလုံးက မြန်မာတွေလည်း စောင့်နေကြပါတယ်၊ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့လည်း စိုးရိမ်ပါတယ်၊ ဒါပေမဲ့ ဒီနည်းနဲ့ CDM တွေကို ထောက်ပံ့ပေးနိုင်မယ် ဆိုတာတော့ ကျမတို့လည်း မကြောက်ဘဲနဲ့ ဆက်ပြီး ထိုးဖို့လိုပါမယ်၊ ပြီးတော့ ကျမတို့ ဒီကနေပြီးတော့ ပြရပါမယ်၊ စစ်ကောင်စီကို လုံးဝအုပ်ချုပ်ခွင့် မရစေရ ဆိုတာကို ဒီကနေ ပြရပါမယ်၊ ပြီးတော့ CDM ကလည်း အရေးကြီးတဲ့ ဒေါက်တိုင် တစ်ခုဆိုတာကို မမေ့စေချင်ပါဘူး"

NUG ရဲ့ အောင်လံလွှင့်ချီ နွေဦးထီ လုပ်ငန်းဟာ CDM တွေကို ထောက်ပံ့ဖို့အတွက် စိတ်ချယုံကြည်ရတဲ့ လုပ်ငန်းဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းပါဝင်ကြဖို့ မထက်မြတ်သော် က တိုက်တွန်း သွားပါတယ်။

Wave money နဲ့ KBZPay အပါအဝင် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အေးဂျင့်တစ်ယောက်ကတော့ ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကနေ သူတို့ဆီကို တရားဝင် ပေးပို့ အကြောင်းကြားလာတာမျိုး မရှိသေးမယ့် ပြောတဲ့အတိုင်း လက်တွေ့ ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ခဲ့ရင် အားလုံး ဒုက္ခရောက်နိုင်တယ်လို့ ပြောပါတယ်။

    "အလွှဲအပြောင်းပေါင်းက သောင်းချီ၊ သိန်းချီ ရှိတယ်၊ ဒီအထဲကမှ နွေဦးထီ ထိုးတဲ့ပိုက်ဆံနဲ့ မထိုးတဲ့ပိုက်ဆံနဲ့ကို သူတို့ ဘယ်လိုမျိုး ခွဲခြားပြီးတော့ စစ်မှာလဲ"

NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် ကတော့ သူတို့အနေနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးကို အဓိကတွက်ချက်ပြီးမှ နွေဦးထီကို စီစဉ်ထားတာဖြစ်လို့ စစ်ကောင်စီအနေနဲ့ ခြိမ်းခြောက်ရုံက လွဲပြီး ကန့်သတ်ထိန်းချုပ်မှုတွေကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"ပြည်သူလူထုရဲ့ တကယ့်လုံခြုံရေးကို အဓိက တွက်ချက်ပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ထားတာ ဖြစ်တယ်၊ သူကစစ်မယ်လို့သာ ပြောနေတာ၊ တကယ့်နေ့စဉ် အလွှဲအပြောင်းပေါင်းက သောင်းချီ၊ သိန်းချီ ရှိတယ်၊ ဒီအထဲကမှ နွေဦးထီ ထိုးတဲ့ပိုက်ဆံနဲ့ မထိုးတဲ့ပိုက်ဆံနဲ့ကို သူတို့ ဘယ်လိုမျိုး ခွဲခြားပြီးတော့ စစ်မှာလဲပေါ့၊ ဒါကြောင့်မိုလို့ ကျနော့်အမြင်ကတော့ သူတို့အနေနဲ့ ခြိမ်းခြောက်တဲ့အဆင့်က ပိုပြီးတော့လေ ဘာမှထိထိရောက်ရောက် ပြည်သူကို ဒုက္ခရောက်အောင် လုပ်နိုင်မယ်မဟုတ်ဘူးလို့ ဆိုတာကတော့ ကျနော့အနေနဲ့ ယုံကြည်ပါတယ်ဗျ"

မြန်မာနိုင်ငံမှာ မိုဘိုင်းဘဏ်လုပ်ငန်းအားလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ရင်တောင် အထိနာမှာက စစ်ကောင်စီရဲ့ လုပ်ငန်းယန္တရားပဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ လက်ရှိထက် ပိုကောင်း၊ ပိုလုံခြုံတဲ့ ငွေပေးချေမှုစနစ်ကို ထပ်မံပြုလုပ်နေတယ်လို့လည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လစဉ် အမြင့်ဆုံး ကျပ်ငွေ ၁၅ သိန်း ချီးမြှင့်မယ့် အောင်လံလွှင်ချီ နွေဦးထီ လုပ်ငန်းကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ခဲ့ပြီး ထီထိုးချင်သူတွေအနေနဲ့ AYA Pay၊ CBPay၊ KBZPay၊ Wave Money စတဲ့ မိုင်ဘိုင်းငွေကြေးဝန်ဆောင်မှု တစ်ခုခုအသုံးပြုပြီး ထိုးနိုင်တယ်လို့ NUG က ဩဂုတ်လဆန်းပိုင်းမှာ ကြေညာခဲ့တာပါ။

NUG က နွေဦးထီရောင်းချမယ်လို့ ကြေညာပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့မှာပဲ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာအခွန်ဝန်ကြီးဌာန ညွှန်ကြားချက်နဲ့ ဗဟိုဘဏ်ကနေတဆင့် သက်ဆိုင်ရာ ဘဏ်အသီးသီးနဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းအားလုံးနီးပါးကို ကန့်သတ်ထိန်းချုပ်ဖို့ ညွှန်ကြားထားတဲ့စာ လူထုအတွင်း ပေါက်ကြား ခဲ့တာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-military-control-mobile-banking-08182021063309.html

Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ်  Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ် Reviewed by THITHTOOLWIN on 18:38 Rating: 5

No comments:

Powered by Blogger.