နှစ်သန်းကျော်လာတဲ့ NUG ထောက်ခံကြောင်း ပရိုဖိုင်တွေနဲ့ ရဲ လျှို့ဝှက်ကြေးနန်းစာ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က သြဂုတ်လ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ လှုပ်ရှားမှုစတင်တဲ့နေ့ကနေ ဒီနေ့အထိ ပရိုဖိုင်ပြောင်းခဲ့သူ နှစ်သန်းကျော် ရှိလာတယ်လို့လည်း သိရပါတယ်။

လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမဲ့ ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် အစိုးရတစ်ရပ်နဲ့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘာ့နိုင်ငံတွေက စိစစ်ရွေးချယ်ဖို့ ရှိနေတာကြောင့် NUG ကို ထောက်ခံတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကိုလုပ်တာ ဖြစ်ပါတယ်။

လှုပ်ရှားမှု စပြီးနောက်တနေ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ပရိုဖိုင်ပြောင်းလဲတဲ့သူတွေကို စနစ်တကျ စာရင်းပြုစုထားဖို့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအားလုံးကို ညွှန်ကြားတဲ့ ကြေးနန်းစာတစ်စောင် လူမှုကွန်ရက်ပေါ်ကနေ ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီကြေးနန်းစာထဲမှာ ပရိုဖိုင်ပြောင်းသူတွေဟာ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ NUG ကိုထောက်ခံပြီး အကြမ်းဖက်မှု တိုက်ဖျတ်ရေးဥပဒေပုဒ်မ - ၅၂(က) အရ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဖို့ တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့်နေသူတွေ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒီလို ဖမ်းဆီးအရေးယူမယ့်အကြောင်း လျှို့ဝှက်အမိန့်စာတွေ ထွက်ပေါ်လာခဲ့ပေမယ့် ပရိုဖိုင်ပြောင်းသူ နှစ်သန်းကျော်အထိ ရှိလာခဲ့တာနဲ့ ပတ်သက်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကျောင်းသူတစ်ဦးက ......

" စစ်ကောင်စီကို နိုင်ငံတကာစာမျက်နှာမှာ တရားဝင်အစိုးရ အနေနဲ့ တရားဝင်အသိအမှတ်မပြုဘဲနဲ့ ကျနော်တို့ ထောက်ခံ လက်ခံထားတဲ့ NUG အစိုးရကို တရားဝင် အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုဖို့ အဲ့ဒါက တစ်ချက်။ နောက်တချက်က တကယ်လို့သာ စစ်ကောင်စီက ဒီ Challenge မှာ အနိုင်ရသွားမယ်ဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေဟာ ပြည်သူလူထုကို ဆုံးရှုံးနစ်နာမှု အများကြီး ဖြစ်စေတယ်ပေါ့နော်။ NUG အစိုးရကို ထောက်ခံတဲ့အနေနဲ့ ပရိုဖိုင်ပြောင်းရုံလောက်နဲ့ R2P ဝင်လာမယ်လို့တော့ မဆိုလိုဘူးပေါ့နော်။ ဒါကိုသိတယ်။ ဒါပေသိ တကယ်လို့သာ စစ်ကောင်စီကနေပြီး ဒီ Credential Challenge မှာ အသာစီးရသွားမယ်ဆိုရင် လက်ရှိ မြေပြင်တော်လှန်ရေးသည် ကြန့်ကြာမှုတွေ အများကြီး ကြုံသွားမယ်ပေါ့နော်။ ကြန့်ကြာမှုတွေ အများကြီးကြုံပြီး ဒီ့ထက်ပိုပြီး ခက်ခဲမယ့်အနေအထားမှာ ရှိတဲ့အတွက်ကြောင့် လက်ရှိ Credential Challenge ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဒီ Facebook Profile Campaign မှာ ပါဝင်ရခြင်း ဖြစ်ပါတယ်"

မြန်မာ့နွေဦးတော်လှန်ရေး ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကလည်း ဒါဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို ပြည်သူလူထုက လက်မခံဘဲ သူတို့ရဲ့ အမှန်တရားလိုလားစိတ်ကို ပြသတာပဲလို့ ဆိုပါတယ်။

"ဒါကတော့ အင်မတန်ထင်ရှားပေါ်လွင်တာပဲ။ ကျနော်တို့ ပြည်သူလူထုရဲ့ အမှန်တရားကို လိုလားတဲ့စိတ် ဓမ္မကို မြတ်နိုးတဲ့စိတ်ကို လုံးဝတားဆီးလို့မရဘူး။ ဒါ အင်မတန်ထင်ရှားပေါ်လွင်နေတာဖြစ်တယ်။ ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ဆိုရင်လည်း သူလုပ်တတ်တာက ကျနော်တို့ လူထုကို ခြိမ်းခြောက်မယ်။ ဟောက်မယ်။ ဖိနှိပ်မယ်။ သို့သော်လည်းပဲ သေချာပါတယ်။ ကျနော်တို့ လူထုက လုံးဝကြောက်ရွံ့သွားမှာ မဟုတ်ဘူး။ ဒီ Facebook Frame ပြောင်းတဲ့ ကိစ္စကိုပဲ ကြည့်ဗျာ။ နာရီပိုင်းအတွင်း တစ်ရက် နှစ်ရက်အတွင်း လူဦးရေ သန်းနဲ့ချီပြီး ပြောင်းကြတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုပဲ ထောက်ခံတယ်။ အကြမ်းဖက် စစ်ကောင်စီကို လုံးဝကန့်ကွက်ရှုတ်ချတယ် ဆိုတာ။ ဒါသူတို့လုပ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆက်တော်လှန်နေမှာပဲ။ လူထုက လုံးဝကြောက်ရွံ့သွားမှာ မဟုတ်ဘူး။ ဓမ္မနဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်နဲ့အတူ နွေဦးတော်လှန်ရေးကို ဆက်ပြီးဆင်နွှဲနေမယ်ဆိုတာ အင်မတန်သိသာထင်ရှားပါတယ်ခင်ဗျ"

NUG ကို ထောက်ခံကြောင်း ပရိုဖိုင်ပြောင်းသူ နှစ်သန်းကျော် ရှိလာခဲ့တာဟာ NUG ကို ပြည်သူတွေ ဘယ်လောက်ထောက်ခံတယ် ဆိုတာ ပြသပြီး စစ်အာဏာသိမ်းမှုကို ပြည်သူတွေ ဘယ်လောက်မကျေနပ် ဖြစ်နေတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ တက္ကသိုလ်ဆရာတစ်ဦးကလည်း ဆိုပါတယ်။

"ကျနော်လည်း မိတ်ဆွေတွေထဲမှာ သတိထားဖြစ်ပါတယ်။ တချို့ကတော့ စိုးရိမ်ပြီး ပြန်ပြောင်းသွားတာတွေလည်း တွေ့တယ်။ ဒါပေမဲ့ အခုဟာက အဲ့ဒီစာတက်လာပြီးတဲ့နောက်မှာ နဂိုတုန်းကတောင် NUG ကို ထောက်ခံပါတယ်ဆိုတာ ကျနော်တို့လည်း သိသိသာသာ မပြောင်းတဲ့ဖြစ်ခဲ့ပါဘူး။ အခု အဲ့ဒီစာထွက်လာပြီးတော့မှ စစ်အာဏာသိမ်းတဲ့အပေါ်မှာ မကျေမနပ်ဖြစ်နေကြတဲ့ လူထုဟာ အရင်က မပြောင်းဖြစ်ခဲ့တဲ့သူတွေတောင် ပိုပြီးပြောင်းဖြစ်လာတယ်။ အဲ့ဒါကြောင့်မို့ အရေအတွက်က သိသိသာသာကြီး ထိုးတက်သွားတယ် နှစ်သန်းကျော်ဖြစ်သွားတယ်လို့ ကျနော်မြင်ပါတယ်"

အခုလို သန်းနဲ့ချီပြီး Facebook ပရိုဖိုင်ပြောင်းကြတာတွေဟာ ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ မတရားတဲ့ အမိန့်မှန်သမျှကို ဆန့်ကျင် ဖီဆန်တာ အထင်အရှားဖြစ်လာတယ်လို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်လေးက ဆိုပါတယ်။

"အကြမ်းဖက်စစ်အုပ်စုရဲ့ထုံးစံအတိုင်း လက်နက်အားကိုးပြီး အာဏာသိမ်းတယ်။ ဒါပေမဲ့ ပြည်သူ့အာဏာ သူတို့လုံးဝ မရနိုင်ဘူး။ အဲဒီ့အတွက် အကြမ်းဖက်စစ်ကောင်စီဟာ ပိုပြီး စိုးရိမ်ကြောင့်မှုတွေ တိုးလာတာ တွေ့ရတယ်။ အဲဒီတော့ စစ်အုပ်စုရဲ့ ထုံးစံအတိုင်း ဒါက ဥပဒေတွေ မဟုတ်ဘူး။ ပါးစပ်က လိုသလို လိုက်ထုတ်တယ်။ ဒါက အကြမ်းဖက်စစ်အုပ်စု ရဲ့ ကြောက်ရွံ့နေမှုဟာ ဘယ်လောက်ထိ ပေါ်လာတယ် ဘယ်လောက်ထိ ပီပြင်လာတယ်ဆိုတာ တွေ့ရတယ်။ ပြည်သူက ရတဲ့နည်းနဲ့ တော်လှန်နေတယ်၊ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို ဘယ်လိုမှ လက်မခံဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ရတဲ့နည်းနဲ့ ဆန့်ကျင်သွားမယ် စစ်အုပ်စုက ဘယ်ပါလို့ပြောရင် ကျနော်တို့က ညာ ပါပဲ။ မလုပ်ပါနဲ့ဆို လုပ်မှာပဲ။ ဒါ ကျနော်တို့ ပြည်သူတွေပေါ့နော်"

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကလည်း ဒါဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အတိုင်းအတာကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

"ပရိုဖိုင်းပြောင်းတာ နှစ်သန်းဆိုတော့ တော်တော်လေး အံ့သြအားရမိပါတယ်။ စစ်ကောင်စီရဲ့အစီအစဉ်တွေကို ဆန့်ကျင်တဲ့ မကျေနပ်တဲ့ ပြည်သူလူထုရဲ့ Facebook ပေါ်မှာ အတိုင်းအတာ ကြီးတာ တွေ့ရတော့ တခုကတော့ ကျနော် ဝမ်းသာတယ်။ ကျနော်သိတာ ဖေ့စ်ဘွတ်သုံးတာ မြန်မာပြည်က ၁၈ သန်းရှိတယ် ကြားတယ်၊ အခု နှစ်သန်း က ပြောင်းကြတယ်။ ကျန်တဲ့ မပြောင်းဘဲနဲ့ ကြိုက်သလိုလုပ် ကြိုက်သလို အရေးယူဆိုပြီး စစ်ကောင်စီကို စိန်ခေါ်တဲ့သူ အင်အားစုက သန်း ဆယ်နဲ့ချီ ရှိမယ်လို့ ကျနော် မှန်းဆရတဲ့အတွက် ကျနော်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လူထုရဲ့ စိန်ခေါ်ချက်ကို ကျေနပ်ထောက်ခံတဲ့အကြောင်း ပြောချင်ပါတယ်"

ပရိုဖိုင်ပြောင်းလဲသူတွေကို စာရင်းပြုစုထားဖို့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းဌာနဖြစ်တဲ့ မြဝတီနဲ့ မြန်မာ့ရုပ်မြင်သံကြားတို့က ထုတ်ပြန်ကြေညာတာတော့ မရှိပါဘူး။

ဒါပေမဲ့ NUG ကို ထောက်ခံတဲ့ ပရိုဖိုင်ပြောင်းလို့ အရေးယူမယ့် အနုပညာရှင်တွေရဲ့ အမည်စာရင်း သြဂုတ် ၁၂ ရက်စွဲ နဲ့ ရဲကြေးနန်းစာ တစောင်ကလည်း လူမှုကွန်ရက်မှာ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ဒီစာရင်းထဲမှာ ရာဇာနေဝင်း၊ အေးမြတ်သူ၊ ယူဇန၊ ဟန်ဇာမိုးဝင်း တို့ အပါအဝင် အနုပညာရှင် ၆၀ ကျော်ပါဝင်တယ်။

ရဲလျှို့ဝှက်ညွှန်ကြားချက်၊ အရေးယူမယ့် အနုပညာရှင်စာရင်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုရော စစ်ကောင်စီ သတင်းမှန် ြ ပန်ကြားရေးအဖွဲ့ကိုရော RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပြီး တစ်စုံတရာ ထုတ်ပြန်ကြေညာတာတော့ မရှိသေးပါဘူး။

RFA Burmese



နှစ်သန်းကျော်လာတဲ့ NUG ထောက်ခံကြောင်း ပရိုဖိုင်တွေနဲ့ ရဲ လျှို့ဝှက်ကြေးနန်းစာ နှစ်သန်းကျော်လာတဲ့ NUG ထောက်ခံကြောင်း ပရိုဖိုင်တွေနဲ့ ရဲ လျှို့ဝှက်ကြေးနန်းစာ Reviewed by THITHTOOLWIN on 06:20 Rating: 5

No comments:

Powered by Blogger.