KIA ထိန်းချုပ်နယ်မြေတွင်းက စစ်ရှောင်စခန်း မိုးကြီး မြေပြိုမှု လူသေဆုံး

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းတခုမှာ တွေ့ရတဲ့ စစ်ရှောင်ဒုက္ခသည်များ။ (အောက်တိုဘာ ၂၉၊ ၂၀၁၃)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်းက စစ်ရှောင်စခန်းတခုမှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုတဲ့အတွက် လူသေဆုံးမှုရှိခဲ့ပါတယ်။ မိုးကုတ်မှာလည်း မြေပြိုမှုကြောင့် ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ဆက်ပြီး မိုးကြီးနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေးပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။

မြန်မာ-တရုတ်နယ်စပ် KIA ထိန်းချုပ်နယ်မြေထဲက မဂါ့ယန် စစ်ရှောင်စခန်းမှာ မိုးကြီးမြေပြိုကျလို့ သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည်တဦးသေဆုံးပြီး နေအိမ်မြေပိပျက်စီးမှုတွေရှိတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“ဒီမနက် ရေကြီးလို့ပေါ့နော်၊ မိုးကြီးလို့ပါ ရေကြီးလို့မဟုတ်ဘူး။ မိုးကြီးလို့ ပြိုသွားတာ ပြိုသွားတော့ အဲ့ဒီစစ်ရှောင်က အဆောင်ပါသွားတာပေ့ါ.. အဲ့ဒီကလူလည်း သုံးဦးပါသွားတယ်။ သုံးဦးပါသွားတဲ့အထဲက တဦးကတော့ ဆုံးသွားပြီး နှစ်ဦးကတော့ ကယ်ထုတ်လို့ရပြီး သက်ဆိုင်ရာလူကြီးတွေကတော့ နည်းနည်းပိုပြီးမှ စိုးရိမ်ရတဲ့ အိမ်ကတော့ လုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းထားတာတော့ ရှိပါတယ်။”

မိုးကြီးရွာပြီး မြေပြိုကျလို့ ကမ်းပါးဘေးနား နေထိုင်တဲ့ စစ်ရှောင်ဒုက္ခသည်တွေကို လက်ရှိအချိန်မှာ လုံခြုံတဲ့နေရာ ရွှေ့ပြောင်းထားတယ်လို့ ပြောပါတယ်။

မြေပြိုမှုကြောင့် စစ်ရှောင်းစခန်းအတွင်း နေအိမ် ၅ လုံး ရေထဲမျောပါသွားပြီး ၁၀ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံ တိုင်းရင်းသားသတင်းက ဖော်ပြထားပါတယ်။

အလားတူ မနှစ်တုန်းကလည်း ရေကြီးမြေပြိုလို့ အဲ့ဒီ မဂါ့ယန်စစ်ရှောင်စခန်းမှာ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာတွေရှိခဲ့ပေမဲ့ လူအသေအပျောက်မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း ဒီကနေ့ မနက်အစောပိုင်းက မိုးကြီးပြီး မြေပြိုတာကြောင့် အသက် ၅ နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံ ပါရမီလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ကျနော်တို့ မနေ့ညက မိုးကြီးသဲကြီးရွာတယ်ပေ့ါနော်၊ မိုးရွာသွန်းမှုများပြီးတော့ BOC ဘက်အခြမ်းပေါ့နော် BOC ဆီဆိုင် ဓာတ်ဆီဆိုင်ရှိတယ်ပေ့ါနော် ဓာတ်ဆီဆိုင်အခြမ်းက သူတို့အုတ်တံတိုင်း နံရံလေး ပြိုကျသွားတာပေ့ါ၊ အုတ်တံတိုင်းနံရံလေးပြိုကျသွားပြီးတော့ အဲ့ဒီဟိုဘက် သူတို့အောက်လေး BOC ဆိုင်ရဲ့ ဟိုဘက်အောက်လေးမှာက အိမ်လေးတစ်အိမ်ရှိတယ်။ အဲ့ဒီအိမ်လေးအပေါ်သွားပိသွားတယ်။ ဟုတ်(သေဆုံး) သုံးယောက်ကတော့ သေချာပါတယ်ဗျ၊ သုံးယောက်ဆိုတာက အသက် ၆၀၊ ၇၀ ဝန်းကျင်ရှိတဲ့ အဖွားတယောက်ပါမယ်။ အသက် ၄၅၊ ၅၀ အမျိုးသမီးအရွယ်ပါမယ်၊ ၄ နှစ်ခွဲ ၅ နှစ် ကလေးငယ်လေးတစ်ဦးပါတယ်ဗျ၊ စုစုပေါင်းသုံးဖြစ်ပါတယ်ဗျ။”

မိုးကုတ်မြို့အနောက်ပိုင်း အင်းခေါင်းရပ်ကွက်မှာ ဓာတ်ဆီဆိုင်ရဲ့ အုတ်တံတိုင်းနဲ့ လျှပ်စစ်ထရန်စဖော်မာတလုံး၊ ဓာတ်တိုင်နှစ်တိုင်ပြိုကျခဲ့ပါတယ်။ အဲ့ဒီ အုတ်တံတိုင်းဘေးမှာရှိတဲ့ နေအိမ်တစ်လုံးပေါ် ပြိုကျပိမိခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းက ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံးလေ အားနည်းနေပေမဲ့ တရုတ်ပြည်ဘက်က မိုးတိမ်တိုက် မြန်မာနိုင်ငံဘက်ကို ရွေ့လာတဲ့ အခြေအနေရှိတာကြေင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသ နေရာအနှံ့မိုးရွာနိုင်ပြီး နေရာကွက်မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“နောက်တစ်ရက် နှစ်ရက်လောက်ဆက်ပြီးတော့မှာ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးဆက်ကောင်း နိုင်တယ်ပေါ့နော် ပြီးသွားရင်တော့ မိုးက တဖြေးဖြေးပြန်လျော့သွားမယ့်အနေအထားမျိုးရှိပါတယ်။ အဓိက မုတ်သုံလေပြန်အားကောင်းရင်တော့ ကမ်းရိုးတန်းဒေသတွေမှာ မိုးပြန်ပြီးတော့မှ အားကောင်းလာမယ့်အနေအထားမျိုးရှိပါတယ်။ အဓိကတော့ ဒီရက်ပိုင်းမှာမိုးများတာတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့ ကချင်ပြည်နယ်တွေပေါ့နော် ... ဒီနေရာမှာတော့ မိုးများနိုင်ပါတယ်။ ဒီရှမ်းပြည်နယ်မြောက်ပိုင်း နောက်တခုမှာတော့ ကျနော်တို့ ဒီမန္တလေးတိုင်းဒေသကြီးက မန္တလေးတိုင်းခဲ ဒီအထက်ပိုင်းဒေသတွေ မိုးကုတ်တို့ပေါ့နော်.. ဒီမိုးကုတ်တို့ ဒီဒေသတွေမှာ မိုးနည်းနည်းထပ်ပြီးတော့ ဒီတစ်ရက်နှစ်ရက်လောက်တော့ မိုးထက်ကောင်းနေနိုင်တဲ့ အနေအထားမျိုးရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ နေရာတချို့မှာ မိုးကြီးရေလျှံလို့ ပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းရပါတယ်။ မြေပြိုမှုကြောင့် မွန်ပြည်နယ်မှာ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။


ဆုမွန်/ VOA Burmese

https://burmese.voanews.com/a/kia-weather/6000089.html

KIA ထိန်းချုပ်နယ်မြေတွင်းက စစ်ရှောင်စခန်း မိုးကြီး မြေပြိုမှု လူသေဆုံး KIA ထိန်းချုပ်နယ်မြေတွင်းက စစ်ရှောင်စခန်း မိုးကြီး မြေပြိုမှု လူသေဆုံး Reviewed by THITHTOOLWIN on 02:32 Rating: 5

No comments:

Powered by Blogger.