CPPH ၊ NUG တို့နဲ့ ပတ်သက်ပြီး သတင်းပေးသူတွေကို ဆုကြေးငွေပေးဖို့ နစက အစည်းအဝေးမှာ ဆွေးနွေး တင်ပြ

ဓာတ်ပုံ - nlm ၊ အင်တာနက် စာမျက်နှာများ

နေပြည်တော်၊ ဩဂုတ် ၂၅၊ ၂၀၂၁

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့နဲ့ ပတ်သက်ပြီး သတင်းပေးတဲ့သူတွေကို ဆုကြေးငွေပေးဖို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) အဖွဲ့ဝင် တချို့က အစည်းအဝေးမှာ တင်ပြ ဆွေးနွေးကြောင်း သိရပါတယ်။

ဩဂုတ်လ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ နစက ကောင်စီ အစည်းအဝေးမှာ ကောင်စီဝင်တွေ ဖြစ်ကြ တဲ့ ဦးသိန်းညွန့် (အမျိုးသား ဒီမိုကရေစီ ပါတီသစ်)၊ မန်းငြိမ်းမောင် (KNU ဗဟိုကော်မတီဝင်ဟောင်း) ၊ ဦးခင်မောင်ဆွေ (NDF)၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန် (ANP)၊ ဦးစိုင်းလုံးဆိုင် (USDP)၊ ဒေါက်တာ ဗညားအောင်မိုး (မွန်ညီညွတ်ရေး ပါတီ) နဲ့ ဦးရွှေကြိမ်း တို့က ဆွေးနွေး တင်ပြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

CRPH ၊ NUG နဲ့ ၎င်းတို့ လက်အောက်ခံ အကြမ်းဖက် အဖွဲ့အစည်းများနဲ့ အကြမ်းဖက်သမားတွေကို ငွေကြေးနဲ့ပစွည်းတွေ စုဆောင်း ထောက်ပံ့ပေးနေသူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူရေးနဲ့ သတင်းပေးတဲ့ ပြည်သူ တွေကို ဆုကြေးငွေ ချီးမြှင့်ပေးဖို့၊ အများပြည်သူ သိရှိစေရေး သတင်းထုတ်ပြန်ပေးဖို့ ‌ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ နိုင်ငံပိုင် သတင်းစာများက ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက် အဖွဲ့အစည်းတွေကို သင်တန်း ပေးနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ထိရောက်စွာ တားဆီးနိုင်ရေး၊ ဒေါ်လာနဲ့ ရွှေဈေး ကစားနေကြသူတွေကို ရှာဖွေဖော်ထုတ် အရေးယူနိုင်ရေး တို့ကိုလည်း အဆိုပါ ကောင်စီဝင်တွေက ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ပါရှိပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (National Unity Government - NUG) အဖွဲ့ဟာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်က ကြေညာခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အရ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က တင်သွင်း ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့မှာ ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်ပြီး အတည်ပြု ဖွဲ့စည်းလိုက်တဲ့ ကြားကာလ ညီညွတ်ရေး အစိုးရ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ အဖွဲ့မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အစုအဖွဲ့ ကိုယ်စား လှယ်များ၊ အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲများက ထင်ရှားသူများ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ 

NUG အစိုးရ ဖွဲ့စည်းပုံကတော့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ဖြစ်ပြီး လက်ရှိမှာ ဝန်ကြီးဌာန ၁၅ ခုနဲ့ ဝန်ကြီး၊ ဒုတိယ ဝန်ကြီး စုစုပေါင်း ၂၈ ဦး ပါဝင်ကြောင်း သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (Committee Representing Pyidaungsu Hluttaw - CRPH) ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုတဲ့ ဥပဒေပြုအဖွဲ့ ဖြစ်ကြောင်း၊ ရွေးကောက်ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ ဦးဆောင်တဲ့ အဲဒီကော်မတီမှာ လက်ရှိ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးပါဝင်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကနေ ရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကျင်းပတဲ့ အွန်လိုင်း အစည်းအဝေးမှာ အဖွဲ့ဝင် ၁၅ ဦးနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။

နစက ကောင်စီကမူ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို မဲမသာမှုများ ရှိလို့ဆိုကာ ပယ်ဖျက်လိုက်ပြီး CRPH နဲ့ NUG အဖွဲ့များဟာ တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ကြောင်း ကြေညာထားပါတယ်။


ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

CPPH ၊ NUG တို့နဲ့ ပတ်သက်ပြီး သတင်းပေးသူတွေကို ဆုကြေးငွေပေးဖို့ နစက အစည်းအဝေးမှာ ဆွေးနွေး တင်ပြ  CPPH ၊ NUG တို့နဲ့ ပတ်သက်ပြီး သတင်းပေးသူတွေကို ဆုကြေးငွေပေးဖို့ နစက အစည်းအဝေးမှာ ဆွေးနွေး တင်ပြ Reviewed by THITHTOOLWIN on 19:07 Rating: 5

No comments:

Powered by Blogger.