တောင်သူများ လယ်ယာသီးနှံ ရောင်းမထွက် စွန့်ပစ်နေရ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  ဒဏ်နှင့်  စစ်အာဏာသိမ်း ဒဏ်ကြား သျှမ်းတောင်သူများ၏ လယ်ယာစိုက်ပျိုးသီးနှံသည်  ရောင်းမထွက်သဖြင့် သီးနှံများ စွန့်ပစ်နေရကြောင်း စုံစမ်းသိရသည်။

ယခုနှစ်ကာလအတွင်း ကိုဗစ်-၁၉  တတိယလှိုင်း ဒဏ် နှင့် စစ်အာဏာသိမ်းဒဏ်ကြောင့် ကုန်စည်စီဆင်းမှုရပ်တန့်သွား သဖြင့် လယ်ယာစိုက်ပျိုးရေး သီးနှံများလည်း ကုန်စျေးနှုန်း အရှိန်ဟုန်ထိုးကျဆင်းကာ ရောင်းမထွက်ကြောင်း၊ စွန့်ပစ်နေရကြောင်း ကလောမြို့နယ် တောင်သူတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“ ကျနော်တို့က ခရမ်းချဉ်သီးစိုက်တာ။ အခုဆိုဈေးမရှိဘူး။ တပိဿာကို ၁ရာကျပ်နဲ့ပဲ ရောင်းချရတယ်။ ပွဲရုံတွေလည်း မဝယ်တော့ဘူး။ အရင်ကတော့ ဈေးကောင်းရသေးတယ်။ အခုက အရမ်းကို ဈေးက ကျလာတယ်” ဟု ကလောမြို့ ခရမ်းချဉ်သီးစိုက်ပျိုးသူ ခွန်ထွန်းက ပြောသည်။ 

ထိုအပြင် ယခုနှစ်အတွင်း နိုင်ငံရေး အခြေအနေ ကြောင့် တောင်သူများသည် ယခင်ထက် စိုက်ပျိုးရေးလုပ်ငန်းများကို လျော့ချလုပ်ကိုင်လာခဲ့ရကြောင်း၊ စိုက်ပျိုးရေးအတွက် ရင်းနှီးမြုပ်နှံမှု ခက်ခဲလာသည့် အပြင် အကြွေးများလည်း တင်နေကြောင်း သိရသည်။

“ အရင်နှစ်ကဟာတောင်အကုန်မရောင်းထွက်ဘူး။ ဒီနှစ်တော့ ကျနော်တို့ နည်းနည်းပဲစိုက်ပျိုးတော့တယ်။ အရင်နှစ်လို့ အများမစိုက်ပျိုးတော့ဘူး။ အရင်းမရှိတော့တာလည်းပါတယ်။ ပြီးတော့ ကျနော်တို့က အကြွေးတွေလဲတင်နေရတယ်” ဟု ပုံအင်းဒေသက စပါး၊နှင့် ကြက်သွန်ဖြူစိုက်ပျိုးသူ လုံညှိက ပြောသည်။ 

သျှမ်းတောင် ခရမ်းချဉ်သီးစိုက်ပျိုးသူ က လည်း မြေသြဇာများကို အလုံအလောက်မရရှိသည့် အတွက်ကြောင့် အနည်းငယ်သာ စိုက်ပျိုးကြရကြောင်း ခွန်ထွိုက်ခမ်းက ဆိုသည်။ 

“ မြေသြဇာအလုံလောက်မရရှိတာပေါ့။ အရင်ကတော့ ဆိုင်မှာ အကြွေးသွားယူလို့ရတယ်။ အခုက အကြွေးယူလို့မရတော့ဘူး။ ရှိသလောက်နဲ့စိုက်ကြရတယ်။ အရင်က ၁၀ ဧက စိုက်တဲ့သူက အခု ၅ဧက လောက်ဘပဲ စိုက်တော့တယ်” ဟု ခွန်ထွိုက်ခမ်းက ဆိုသည်။ 

ဆက်လက်ပြီး ၂၀၁၉ ခုနှစ်မှစတင်ပြီး သျှမ်းပြည်တဝှမ်းတွင် ဂျင်း ကဈေးကောင်းရသည့်ဟုဆိုကာ အများက စိုက်ပျိုးလာကြပြီး ယခု ကိုဗစ် ၁၉ တတိယလှိုင်းနှင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ဈေးနှုန်းမရှိတော့ကြောင်း လဲချားမြို့ ဂျင်းစိုက်ပျိုးသူက ပြောသည်။ 

“ ဂျင်းက ဈေးကောင်းရတယ်လို့ပြော‌တော့လိုက်စိုက်ကြတာအများပဲ။ ကျမလည်း စိုက်ထားတာ အများပဲ။ အခုတော့အရင်းတော့ အကုန်ပြန်မရသေးဘူး။ ခက်ခဲတယ်။ ကျမတို့က ပုံမှန်ဝင်ငွေမရှိဘူးလေ။ အခုက ကိုဗစ်ဖြစ်တော့ ဘယ်မှမသွားရဘူး။ အိမ်မှာရှိတာနဲ့ ချွေတာပြီးစားနေရတယ်” ဟု လဲချားမြို့ ဂျင်းစိုက်ပျိုးသူ တဦးက ပြောသည်။ 

မြန်မာတဝှမ်း ပြည်သူများသည် ကိုဗစ် ၁၉ ဒဏ်အပြင် စစ်တပ်အာဏာသိမ်းမှု ဒဏ်ကို ကြုံနေရသည့် ပြည်သူများအတွက် နောင်လာမည့် စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း တောင်သူလယ်သမားများက ပြောသည်။ 

“ အခုလိုမျိုးဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့ ဒီနိုင်ငံမှာ ရှာစားဖို့က မလွယ်တော့ဘူး။ ငွေကြေးက အရင်ထက် ပိုပြီးကြပ်တည်းလာတယ်။ ကျနော်တို့လုပ်နေလည်း အကြွေးပဲ တင်နေတယ်။ အမြတ်က သိပ်မရဘူး။ တအားပင်ပန်းတယ်” ဟု ကလောမြို့က တောင်သူတဦးက ပြောသည်။ 

ယခင်နှစ် ၂၀၂၀ ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင်လည်း တောင်သူလယ်သမားများ၏ ကုန်စည်စီးဆင်းမှုကြန်ကြားခြင်း၊ စျေးနှုန်းမရှိခြင်းကြောင့် ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုတ်များ စသည့် သီးနှံများကိုလဲ စွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်သူများ လယ်ယာသီးနှံ ရောင်းမထွက် စွန့်ပစ်နေရ တောင်သူများ လယ်ယာသီးနှံ ရောင်းမထွက် စွန့်ပစ်နေရ Reviewed by THITHTOOLWIN on 02:00 Rating: 5

No comments:

Powered by Blogger.