စစ်ကြောရေးမှာ သေဆုံးသူ ၃၂ ယောက်အထိ ရှိလာ



ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးသူ အယောက် ၃၀ ရှိခဲ့ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့မှာ ကလေးမြို့ခံ ကိုလန်ခန့်ထန်နဲ့ ရန်ကုန်က ရွှေနန်းတော် ရွှေဆိုင် ဖောက်ခွဲမှုမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုထက်ကိုဦးတို့ နှစ်ယောက်လည်း စစ်ကြောရေး မှာ သေဆုံးခဲ့တဲ့အတွက် စုစုပေါင်း ၃၂ ယောက်အထိ ရှိလာပါပြီ။

ကိုထက်ကိုဦးဟာ ဇူလိုင် ၁၉ ရက်နေ့ကတည်းက အဖမ်းခံထားရတာဖြစ်ပြီး စစ်ကြောရေးမှာ ရိုက်နှက်ညှဉ်း ပန်းခံရတဲ့ဒဏ်တွေကြောင့် ဇူလိုင် ၃၁ ရက်နေ့မှာ သေဆုံးသွားပါတယ်။

သူ့မိသားစုဝင်တွေက နယ်မှာနေကြတာဖြစ်ပြီး အွန်လိုင်းပေါ်မှာ တင်ထားတာကိုတွေ့မှ သိရတာလို့ Burma VJ ရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။ နယ်မှာနေထိုင်ကြတဲ့ မိသားစုဝင်တွေဆီ RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။

တရုတ်နယ်စပ်မှာ သွားရောက်အလုပ်လုပ်ရင်းကနေ နေရပ်ဇာတိ စစ်ကိုင်းတိုင်း ကလေးမြို့ကို ပြန်လာတဲ့ ကိုလန်ခန့်ထန် ဆိုသူဟာလည်း ကလေးမြို့ကိုရောက်တဲ့အချိန် ကားပေါ်မှာ လက်နက်တွေ တွေ့လို့ဆိုပြီး သူ့အဖော်နဲ့အတူ အဖမ်းခံရပြီး နောက်နေ့မှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

“လန်ခန်ထန်ပေါ့ သူ့သူငယ်ချင်းတို့ နှစ်ယောက်က မလွတ်သေးဘူးပေါ့နော်၊ ရဲစခန်းမှာသွားရှာတော့ မရှိဘူးတဲ့ ဒကစ မှာပဲရှိမှာဆိုပြီးတော့ သွားမေးတော့လည်း မရှိဘူးတဲ့ ညနေပြန်လာခဲ့လို့ပြောလို့ အိမ် ပြန်လာပြီး ခဏကြာတော့ ချင်းလူမှုရေးခေါင်းဆောင်ကနေ မနေ့ညက လက်နက်မှုနဲ့ အဖမ်းခံထားရတဲ့ တစ်ယောက် ဆုံးသွားပြီနော်၊ အလောင်းလာယူပါဆိုပြီး ပြောတယ်’’

စစ်ကိုင်းတိုင်း ကလေးမြို့ဇာတိ အသက် ၂၉ နှစ်အရွယ် ကိုလန်ခန့်ထန် ဟာ တရုတ်နယ်စပ်မှာ တစ်နှစ် လောက် အလုပ်လုပ်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ တရုတ်နယ်စပ်မှာလည်း ကိုဗစ် ရောဂါတွေ ဖြစ်ပွားနေလို့ အလုပ်လည်းဆက်လုပ်လို့ မဖြစ်တော့တဲ့အခြေအနေကြောင့် သူ့နေရပ်ဖြစ်တဲ့ ကလေးမြို့ကို ပြန်လာရင်း လက်နက်တွေပါတယ်ဆိုတဲ့ သံသယနဲ့ ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းအနားမှာ ဇူလိုင် ၂၉ ရက်နေ့က အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီလက်နက်တွေဟာ သူနဲ့သက်ဆိုင်ခြင်း ရှိ၊ မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။ သူနဲ့အတူပါလာတဲ့ သူလည်း ဆက်ပြီးအဖမ်းခံထားရဆဲဖြစ်ပါတယ်။

ကိုလန်ခန့်ထန်ဟာ ခုလိုမျိုးလက်နက်တွေနဲ့ ပတ်သက်တာမဖြစ်နိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ယောက်က ပြောပါတယ်။

“သူက အေးဆေးနေတတ်တယ် သူများလိုလည်း မရိုင်းတတ်ဘူး၊ အရမ်းလိမ္မာပါတယ် တကယ့်ကို လုံးဝမဖြစ်နိုင်ဘူး အဲဒါပဲပြောချင်တယ်’’

ကလေးမြို့မှာ ခုလိုမျိုး စစ်ကောင်စီက သံသယနဲ့ဖမ်းဆီးပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေထဲမှာ ကိုလန်ခန့်ထန် ဟာ ငါးယောက်မြောက်ပါ။ စစ်ကြောရေးမှာ သေဆုံးခဲ့ပြီးရင်လည်း လက်တလောဖြစ် ပွားနေတဲ့ ကိုဗစ်ရောဂါကြောင့်ဆိုပြီး စစ်ကောင်စီဘက်က ပြောပါတယ်။

    "စစ်ကြောရေးမှာ သေဆုံးရင် သူတို့ စကစက ကိုဗစ်နဲ့ပဲ သေဆုံးတယ်လို့ ထုတ်ပြန်တယ်"

အလောင်းသွားကြည့်တော့ ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ တွေ့ခဲ့ရတာကြောင့် ကိုဗစ်ရောဂါနဲ့ သေဆုံးတာ လုံးဝမဖြစ်နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။

“ဘယ်လိုဆုံးသွားတာလဲမေးတော့ ကိုဗစ်နဲ့ဆုံးသွားတာဆိုပြီး လာခေါ်တယ်၊ သွားတယ် ကျွန်မတို့ မောင်လေးဖြစ်သွားတယ်၊ တော်တော်လေး ခံစားရတယ်၊ ဒဏ်ရာတွေရထားတာလည်း များတယ်၊ ခေါင်းလည်းကွဲတယ် ခြေထောက်လည်းကျိုးတယ်၊ လက်လည်း ကျိုးတယ်၊ အနောက်ဘက်မှာရော ရိုက်ထားတဲ့ဟာတွေရော ခြေထောက်မှာရော သံချောင်းနဲ့ထုတာလား လည်ပင်းလည်း ညှစ်ထားတဲ့ပုံစံနဲ့ ဒဏ်ရာတွေချည်းပဲ တအားစိတ်နာတယ်’’

ခုလိုဖမ်းဆီးတာတွေနဲ့ စစ်ကြောရေးမှာ နှိပ်စက်လို့သေဆုံးခဲ့ရတာတွေ များလာနေတဲ့အတွက် ကလေးမြို့ ခံတွေဟာ နေထိုင်ရတာတောင် မလုံခြုံတော့သလို ခံစားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးဒေ သခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောရေးမှာ သေဆုံးရင် သူတို့ စကစက ကိုဗစ်နဲ့ပဲ သေဆုံးတယ်လို့ ထုတ်ပြန်တယ်၊ ဒီရက်ပိုင်းမှာပဲ အိမ်တွေထဲအထိ ဝင်ရှာဖမ်းဆီးတယ်၊ ပြည်သူတွေက နေ့ခင်းဘက် လမ်းပေါ်သွားတာတောင်မှ မလုံခြုံတာ မျိုးတွေဖြစ်နေတယ်၊ အမြဲတမ်း ကြောက်နေရတယ်၊ ဘယ်ကသတင်းရတယ်မှန်း မသိဘူး၊ သူတို့ထင်တဲ့ အိမ်တွေကို ဝင်ရှာတယ်၊ ဖမ်းသွားတဲ့သူတွေကိုလည်း အများစု ဘာအကြောင်းပြချက်မှန်းမသိဘဲ ပြန် မလွှတ်ပေးတာများတယ်၊ မြို့ဝင်ထွက်ဂိတ်တွေမှာလည်း စကစ က လုံခြုံရေးအရဆိုပြီး သူတို့တပ်စွဲ ထားတာ ကြာပြီပေါ့နော်၊ အဲဒီမှာလည်း ဖမ်းဆီးခံရသူတွေရှိတယ်၊ အများစုက ပြန်မလွတ်ဘူး’’

ဘယ်သူပဲသတ်သတ် စစ်ကြောရေးမှာသေရင် လူသတ်မှုဖြစ်တယ်၊ ဥပဒေအရ တရားစွဲလို့ရသလို လျော်ကြေးလည်း တောင်းခွင့်ရှိတယ်လို့ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့် က RFA ကို ပြောထားပါတယ်။ ဒါပေမဲ့လည်း လက်နက်နဲ့ခြိမ်းခြောက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတွေကို ဘယ်နေရာမှာ အမှုဖွင့်လို့ တိုင်ကြားရမှန်းမသိဖြစ်နေတယ်လို့လည်း သက်ဆိုင်ရာ မိသားစုဝင်တွေက ပြောကြပါတယ်။

သေဆုံးတဲ့အထိ နှိပ်စက်ညှဉ်းပန်းနှိပ်စက်ရုံမက သေဆုံးတဲ့အကြောင်းရင်းကိုတောင် အမှန်အတိုင်း မပြော တာဟာ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့ ဆိုးရွားလွန်းတဲ့ ကိစ္စဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း RFA ကို ဇူလိုင် ၇ ရက်နေ့က ပြောထားပါတယ်။

ဒီလို တရားလက်လွတ် သတ်ဖြတ်မှုတွေကို NUG လူ့အခွင့်ရေးဌာနက စနစ်တကျစုဆောင်းနေပြီး အပြစ် ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ အရေးယူ အပြစ်ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း ဦးအောင်မျိုးမင်း က ပြောထားပါတယ်။

ခုလိုစစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ၊ ရဲနဲ့စစ်တပ်တို့ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေး မှာ သေဆုံးခဲ့သူတွေကတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်း ကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ စစ်ကိုင်းတိုင်း ကလေးမြို့က သံသယနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား တွေဖြစ်တဲ့ ကိုချစ်ကိုနဲ့ ဦးစိန်ဝင်း၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ကိုသက်ထူးပိုင် (ခေါ်) အလီ၊ ပဲခူးတိုင်း ပြည်မြို့က ကိုစိုးမင်း၊ မုံရွာမြို့က ကိုအောင် ဇော်မျိုး (ခေါ်) ကိုအငယ်လေး၊ ပဲခူးတိုင်း ရွှေတောင်မြို့က ကိုအောင်အောင်လွင်၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုရွာ NLD ဥက္ကဋ္ဌ ကိုစိုးစံနဲ့ အခုနောက်ဆုံး ကလေး မြို့က ကိုလန်ခန့်ထန်နဲ့ ရန်ကုန်က ကိုထက်ကိုဦးတို့ အပါအဝင် စုစုပေါင်း အယောက် ၃၂ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

RFA Burmese

(စစ်ကောင်စီတပ် ဖမ်းဆီးပြီး သေဆုံးသွားတဲ့ ကဗျာဆရာ ခက်သီ၊ ကိုစိုးမိုးလှိုင်နှင့် ကလေးမြို့က ကိုမင်းမင်းတို့ကို တွေ့ရစဉ် )Photo: CJ


စစ်ကြောရေးမှာ သေဆုံးသူ ၃၂ ယောက်အထိ ရှိလာ စစ်ကြောရေးမှာ သေဆုံးသူ ၃၂ ယောက်အထိ ရှိလာ Reviewed by THITHTOOLWIN on 01:03 Rating: 5

No comments:

Powered by Blogger.