သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အတူတကွ ရပ်တည်နေကြောင်း အမေရိကန်ပြော

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အတူတကွ ရပ်တည်နေကြောင်း အမေရိကန်ပြော သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ၂၀၂၀ စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဥ် / Photo: UN Web TV screenshot

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေ ကိုယ်စား သတ္တိရှိရှိ ရဲရဲရင့်ရင့် ထုတ်ဖော်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အတူတကွ ရပ်တည်နေ ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

ဩဂုတ်လ ၁၀ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ထုတ်ပြန်ခဲ့သလိုပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာရအောင် လုပ်ကြံဖို့၊ ဒါမှမဟုတ် သတ်ဖြတ်ဖို့ ကြံစည်ခဲ့တဲ့အမှုကို အမေရိ ကန် ဥပဒေစိုးမိုးရေးဝန်ထမ်းတွေက မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း နိုင်ငံခြား ရေးဌာနအနေနဲ့ ထပ်လောင်း ပြောကြားပါတယ်လို့ Ned Price က ပြောပါတယ်။

အမေရိကန်မြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီကြံစည်မှု ပျက်ပြားစေခဲ့ပြီး သံသယရှိသူတွေကို ဖမ်းဆီးတရားစွဲနိုင်ခဲ့တဲ့ အပေါ် ကျေးဇူးတင်ကြောင်း၊ အာဏာရှင်အစိုးရတွေနဲ့ သူတို့ကိုထောက်ခံသူတွေဟာ သတင်းထောက်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အတိုက်အခံတွေကို နိုင်ငံရပ်ခြားအထိ လိုက်လံနှိပ်ကွပ်နေတာဟာ အမေရိကန်‌ မြေပေါ်အထိတောင် ရောက်ရှိလာနေကြောင်း၊ ဦးကျော်မိုးထွန်းကို အခုလို ခြိမ်းခြောက်လာတဲ့အပေါ် အတိအလင်း ရှုတ်ချကြောင်းလည်း ပြောပါတယ်။

အခုလို နိုင်ငံဖြတ်ကျော် နှိပ်ကွပ်နေတဲ့လုပ်ရပ်တွေကို တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချပြီး ဖော်ထုတ်အရေးယူ ရမှာဖြစ်ကြောင်း၊ အာဏာရှင်အစိုးရတွေ၊ သူတို့ကို ထောက်ခံသူတွေ၊ အားပေးလိုလားသူတွေရဲ့လုပ်ရပ်တွေ ကို အမေရိကန်မြေပေါ်မှာ လက်ခံမှာ မဟုတ်ကြောင်း၊ ဒီလို နိုင်ငံဖြတ်ကျော် နှိပ်ကွပ်တဲ့လုပ်ရပ်ကို မဟာမိတ် တွေ၊ မိတ်ဘက်နိုင်ငံတွေနဲ့အတူ ပူးတွဲပြီး ဆန့်ကျင်တားဆီးသွားမယ်လို့လည်း Ned Price က ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေတ္တနိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့တာဟာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်က စဉ်းစားနေတဲ့သဘောလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ Ned Price က … ဒီမိုကရေစီ ပြန်လည်ရရှိရေး တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ ရပ်တည်နေကြောင်း၊ ဒီထောက်ခံမှု တစ်စိတ်တစ်ပိုင်း အဖြစ် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေနဲ့ မိမိတို့ ဆက်သွယ်ဆောင်ရွက်နေ ကြောင်း ဖြေဆိုပါတယ်။

လောလောဆယ်မှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman သာမက အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာဌာန ခေါင်းဆောင်ပိုင်းရော၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့ပါ NUG ခေါင်း‌ဆောင်တွေ နဲ့ တွေ့ဆုံခဲ့ကြကြောင်း၊ နောက်ထပ်လည်း ဒီလို ဆက်သွယ်ဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမယ့်အကြောင်း ပြောပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်ဇင်မာအောင်တို့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆက်လက်ကြိုးပမ်းနေမှုတွေ အပါအ၀င် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အမေရိကန်က ဆက်လက်ထောက်ခံနေတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် အသက်ဆုံးရှုံးမှုနဲ့ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောဆို သွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/us-stand-with-ambassador-kyawmoetun-08112021001248.html

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အတူတကွ ရပ်တည်နေကြောင်း အမေရိကန်ပြော  သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အတူတကွ ရပ်တည်နေကြောင်း အမေရိကန်ပြော Reviewed by THITHTOOLWIN on 02:36 Rating: 5

No comments:

Powered by Blogger.