မြန်မာအရေးပေါ်ကာလသက်တမ်းတိုးမှု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝေဖန်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab၊ ဂျွန် ၂၉ ၊ ၂၀၂၁။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ခံထားရသူတွေထံ အာဏာလွဲပြောင်းပေးဖို့ လိုအပ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၆ လအကြာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်ရာထူး ပြောင်းလဲယူလိုက်ကြောင်း ပြောကြားလိုက်တဲ့အပေါ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က အဲဒီလို ပြောကြားလိုက်တာပါ။

“မြန်မာနိ်ုင်ငံမှာ အရေးပေါ်အခြေအနေကို စစ်တပ်က သက်တမ်းတိုးလိုက်တာဟာ ဘယ်လိုမှ အကြောင်းပြချက် ခိုင်လုံခြင်းမရှိကြောင်းနဲ့ ဒါဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ပုံစံနဲ့ အာဏာကို ဆုပ်ကိုင်နိုင်ရေး လုပ်ဆောင်ဖြစ်တယ်” - လို့ ဝန်ကြီး Raab က သူ့ရဲ့ Twitter လူမှုကွန်ယက်မှာ မနေ့ သြဂုတ်လ ၂ ရက်နေ့က ရေးသားခဲ့ပါတယ်။

“စစ်တပ်အနေနဲ့ ရွေးကောက်ခံအစိုးရလက်ထဲ အာဏာလွဲပေးပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ် မဲပေးခဲ့ကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားကို လေးစားဖို့ လိုအပ်တယ်” - လို့လည်း ဝန်ကြီး Dominic Raab က သူ့ရဲ့ Twitter မှာ ရေးသားထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပဋိပက္ခတွေ ပြေလည်ရေးအတွက် အာဆီယံနဲ့ မြန်မာစစ်ကောင်စီအကြား ရရှိထားတဲ့ သဘောတူညီချက်နဲ့အညီ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အထူးသံတမန်အဖြစ် ခန့်ထားရေး အာဆီယံရဲ့ ရွေးချယ်မှုအပေါ် သဘောတူတယ်၊ မတူဘူးဆိုကိစ္စကို မြန်မာစစ်ကောင်စီဘက်က တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-uk-dominic-raab/5988896.html

မြန်မာအရေးပေါ်ကာလသက်တမ်းတိုးမှု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝေဖန် မြန်မာအရေးပေါ်ကာလသက်တမ်းတိုးမှု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝေဖန် Reviewed by THITHTOOLWIN on 00:51 Rating: 5

No comments:

Powered by Blogger.