မြန်မာ့အရေး အာဆီယံကိုယ်စားလှယ်အပေါ် တုန့်ပြန်မှု အမျိုးမျိုးရှိနေ

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ရွေးချယ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုခဲ့ပေမယ့်လည်း မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြသလို ဒေသတွင်း လွှတ်တော်အမတ်တွေကလည်း ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၄ ရက်နေ့မှာ ရွေးချယ်ခဲ့တာပါ။

NUG ပြောခွင့်ရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက "ဖြစ်နိုင်သမျှ သူအောင်မြင်မှာရတာ ကျနော် သေချာပေါက်မြင်ချင်ပါတယ်၊ အထူးကိုယ်စားလှယ်နဲ့ ဆက်သွယ် လုပ်ဆောင်သွားဖို့ ကျနော်တို့ အဆင်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။ ဒါ့အပြင် အထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေး ကူညီလုပ်ဆောင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းကစပြီး ဒုဝန်ကြီး Erywan နဲ့ သူ စကားပြောဆိုခဲ့ပြီးတော့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၄၀၀ ကျော်ကတော့ ဒုဝန်ကြီး Erywan ကို ရွေးချယ်ခန့်အပ်တာမှာ NUG ရဲ့သဘောထားကို ဘာမှပြောဆိုခွင့် မပေးခဲ့တဲ့အတွက်ဆိုပြီး သောကြာနေ့က ပူးတွဲထုတ်ပြန်ချက်တခုမှာ ပယ်ချထားပါတယ်။ အဖွဲ့အစည်း ၄၀၀ ကျော်လို့ ဆိုပေမယ့်လည်း သူတို့ရဲ့လုံခြုံရေးအတွက်ဆိုပြီး ဘယ်အဖွဲ့တွေလဲဆိုတာ အတိအကျ ဖော်ပြမထားပါဘူး။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ကလည်း ဒုဝန်ကြီး Erywan ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တဲ့အပေါ် ဝေဖန်ခဲ့ကြပါတယ်။ အဓိကအကြောင်းကတော့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တဲ့အချိန်မတိုင်ခင် ဇွန်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့ချိန်အတွင်း စစ်ကောင်စီခေါင်းဆောင်တွေနဲ့ပဲ တွေ့ဆုံခဲ့တာ၊ စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ပြောထားတဲ့လမ်းကြောင်းအတိုင်း လိုက်ပြောခဲ့တာတွေကို APHR က ထောက်ပြထားပါတယ်။

အထူးကိုယ်စားလှယ် Erywan က မြန်မာနိုင်ငံကို သူသွားတဲ့အခါ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရသင့်တယ်လို့ ပြောထားခဲ့ပေမယ့် ဘယ်တော့သွားမယ်ဆိုတာက ရေရေရာရာမရှိသေးပါဘူး။ စစ်ကောင်စီထေခါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ သူ အဆင်သင့်ရှိနေတယ်လို့ ပြောထားပါတယ်။


VOA Burmese

https://burmese.voanews.com/a/special-envoy-draws-mixed-reception/5998627.html

မြန်မာ့အရေး အာဆီယံကိုယ်စားလှယ်အပေါ် တုန့်ပြန်မှု အမျိုးမျိုးရှိနေ မြန်မာ့အရေး အာဆီယံကိုယ်စားလှယ်အပေါ် တုန့်ပြန်မှု အမျိုးမျိုးရှိနေ Reviewed by THITHTOOLWIN on 02:40 Rating: 5

No comments:

Powered by Blogger.