အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူတွေစုဆောင်းထားတဲ့ ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ယူဆောင်သွား


ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းသွားရင်း ကျေးရွာအချို့ရဲ့ တောင်ယာစိုက်ခင်းတဲမှာ တွေ့ရှိတဲ့ ဒေသခံတောင်သူများ သိမ်းဆည်းထားတဲ့ စားနပ်ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးသွားပြီး ပစ္စည်းအချို့ကို ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

“စစ်ကြောင်းသွားရင်း တောင်ယာခင်းထဲဖြတ်တာ တောင်ယာမှာတချို့က ပစ္စည်းသွားထားတာရှိတယ်လေ။ အဲ့ဒါတွေ့တော့ ယူပါလေရော တချို့ကပစ်ထုတ်ထားတယ်။ ခြံတွေလည်းဖျက်စီးသွားတယ်။” လို့  ဖရူမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ယာခင်းထဲကို ဝင်ရောက်ပြီး တဲထဲမှာတွေ့ရှိတဲ့အရာကို မွှေနှောက်ရှာဖွေပြီး ဖျက်ဆီးသွားသလို အချို့ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကနေပြီး ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာကို ဖျက်ဆီး ခိုးယူသွားတာတွေ၊ လိုအပ်ချက်အရ ကြိုတင်စုဆောင်းသိမ်းဆည်းထားတဲ့ စားနပ်ရိက္ခာကို ဖျက်ဆီးတာ၊ ယူဆောင်တာတွေက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့  ကရင်နီလူ့အခွင့်အရေးအဖွဲ့က ရှုံ့ချပါတယ်။

“စစ်တပ်ကနေ ပြည်သူလူထုတွေရဲ့ အရံ ဆန်၊ ဆီ၊ ဆားကို ဖျက်ဆီးခြင်းဟာ ယူဆောင်တာဟာ တချို့ဖျက်ဆီးသွားတယ်။ တချို့ယူဆောင်သွားတယ်ပေါ့နော ဒီဟာက ပြည်သူလူထုတွေကို အန္တာရာယ်ထဲကို တွန်းပို့တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှာ စားနပ်ရိက္ခာက အကန့်အသတ်ရှိတယ်။ ပြည်သူလူထုတွေကလည်း အရင်ကလို စီးပွားရေးသိပ်မကောင်းတော့ဘူး ။ မရှိမယ့်ရှိမယ့်လေး အရံဆန်လေးတွေ သွားစုထားတာကို ဖျက်ဆီးတယ်ဆိုတာကလည်း ရှင်းရှင်းပြောရရင်  ဒါကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်တဲ့အပြင် စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ထပ်ပြောလို့ရတယ်ပေါ့။ ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာကိုဖျက်ဆီးတယ်။ လုယူခိုးယူသွားတယ်ဆိုတာလေ လူထုတွေရဲ့လိုအပ်ချက်ကို သူတို့ကကြိုတင် ခန့်မှန်းထားတယ်။ သိလည်းသိထားတယ် အဲ့တော့ လိုအပ်ချက်တွေကို ကြိုတင်စုဆောင်းထားတဲ့ပုံစံမျိုးကိုတော့ ဖျက်စီးဖို့ လုံးဝမသင့်ဘူး။ ယူဆောင်ခြင်းလည်း လုံးဝမလုပ်သင့်ဘူးပေါ့ အဲ့လိုမျိုး မှတ်ချက်ပြုလိုပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်တွင်းနေရာအနှံ့အပြားမှာ စစ်ကြောင်းထိုး လှုပ်ရှားနေပြီး ဒေသခံပြည်သူရဲ့ ပစ္စည်းဥစ္စာတွေကို ယူဆောင်သွားတာရှိသလို ပြည်သူတွေကို ဖမ်းဆီးကာ လမ်းပြအဖြစ် ခေါ်ဆောင်မှုရှိပြီး ယနေ့အထိ ပြန်လည်လွှတ်မြောက်လာတာ မရှိသေးဘူးလို့  သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူတွေစုဆောင်းထားတဲ့ ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ယူဆောင်သွား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူတွေစုဆောင်းထားတဲ့ ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ယူဆောင်သွား Reviewed by THITHTOOLWIN on 06:35 Rating: 5

No comments:

Powered by Blogger.